Prudential Myanmar မှ ကိုဗစ်-၁၉ ဆိုင်ရာ အပိုဆောင်း အာမခံ အခမဲ့ ထောက်ပံ့မည်

Prudential Myanmar မှ ကိုဗစ်-၁၉ ဆိုင်ရာ အပိုဆောင်း အာမခံ အခမဲ့ ထောက်ပံ့မည်
ပုံ- - COVID-19 ကာကွယ်ရေး PPE ဝတ်စုံဝတ်ကာ ဆောင်ရွက်ပေးနေသူ(ပုံ-သူရ မဇ္ဈိမ)

ရန်ကုန်၊ ဧပြီ ၂၃

မိမိတို့၏ အသက်အာမခံ ဝန်ဆောင်မှု ရယူထားသူများကို ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု အခြေအနေများကြောင့် ဗိုင်းရပ်စ်မှ တဆင့် ဖြစ်ပွားနိုင်သည့် ဘေးအန္တရာယ်များအား ရင်ဆိုင်နိုင်ရန် ကိုဗစ်-၁၉ ဆိုင်ရာ အပိုဆောင်း အာမခံ အကာအကွယ်ကို အခမဲ့ ထောက်ပံ့ပေးအပ်သွားမည်ဟု Prudential Myanmar Life Insurance Limited မှ ထုတ်ပြန်ခဲ့သည်။

ထိုအပိုဆောင်း အာမခံ အကာအကွယ် အစီအစဉ်သည် အသက်အာမခံ ရယူထားသူ မည်သူမဆို အလိုအလျောက် ရရှိ မည်ဖြစ်ပြီး ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့ မတိုင်မီ (သို့မဟုတ်) နောက်ဆုံးထား၍ အသက်အာမခံ အတည်ပြု ရယူ ထားသူ ဖြစ်ရမည် ဖြစ်၍ ယခု ကိုဗစ်-၁၉ အာမခံ ကာကွယ်မှု အထူးအစီအစဉ်ကို အာမခံစတင် အသက်ဝင်သည့်နေ့မှ ရက်ပေါင်း ၉၀ အကျိုးခံစား ရရှိမည် ဖြစ်ကြောင်း သိရသည်။

Prudential Myanmar ၏ CEO ဖြစ်သူ Mr. Asit Rath က“ကမ္ဘာတစ်ဝန်း COVID-19  ကူးစက်ရောဂါ အဆက်မပြတ် ဖြစ် ပွားနေမှုကြောင့် မြန်မာနိုင်ငံရဲ့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပြည်သူတွေရဲ့ အသက်မွေးဝမ်း ကြောင်း ရပ်တည်မှုတွေမှာ ကြီးမားတဲ့ ထိခိုက်မှုတွေ ရှိခဲ့ပါတယ်။ ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှု အရေးပေါ် လိုအပ်နေတဲ့  အခြေအနေမှာ ကျွန်တော်တို့ရဲ့ အာမခံဝန်ဆောင်မှု ရယူသူတွေနဲ့ သူတို့ရဲ့ မိသားစုဝင်တွေကို ကျန်းမာရေးနဲ့ ငွေရေးကြေးရေးအတွက် စိတ်ချနိုင်အောင် ထိန်းသိမ်း ကာကွယ်ပေးသွားဖို့ ဆက်ပြီး အလေးထားဆောင်ရွက် သွားမယ်ဆိုတာကို စိတ်ချထားစေချင် ပါတယ်။ ကျွန်တော်တို့ရဲ့အခမဲ့ COVID-19 အာမခံအကာ အကွယ်က အခုလိုကူးစက်ရောဂါကြီးကို အတူတကွ ရင်ဆိုင် တွန်းလှန်နေရတဲ့ အချိန်မှာ စိတ်ချလုံခြုံမှု ပေးစွမ်းနိုင်ဖို့ ရည်ရွယ်ပါတယ်”ဟု ပြောသည်။

ကိုဗစ်-၁၉ အခမဲ့ အာမခံ အကာအကွယ် အစီအစဉ်တွင် Prudential Myanmar ၏ အသက်အာမခံ ဝန်ဆောင်မှု ရယူ ထားသူ မည်သူမဆို ကိုဗစ်-၁၉ မတော်တဆ ကူးစက်ခံရသည် ဖြစ်စေ၊ ကူးစက်ခံရမှုကြောင့် အသက်ဆုံး ရှုံးသည်ဖြစ်စေ Prudential Myanmar မှ ထပ်ဆောင်း အကျိုးခံစားခွင့်ကို တစ်ပေါင်းတည်း ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ရောဂါလက္ခာအတွက် အကျိုးခံစားခွင့်မှာ အာမခံထားသူသည် ကိုဗစ်-၁၉ ၏ ရောဂါလက္ခဏာအား တွေ့ရှိကြောင်း စစ်ဆေး အတည်ပြုခဲ့ပါက မိမိတို့အနေဖြင့် အာမခံထားငွေ၏ ၁၀% ကို ထုတ်ပေးမည်ဖြစ်ပြီး အများဆုံး ငါးသိန်းအထိ အကျိုးခံစားခွင့်ရှိပါသည်ဟု Prudential Myanmar က ပြောသည်။

အလားတူ အသက်သေဆုံးခြင်းအတွက် အကျိုးခံစားခွင့်အနေဖြင့်လည်း အာမခံထားသူသည် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးခဲ့ပါက မိမိတို့အနေဖြင့် အာမခံထားငွေ၏ ထပ်ဆောင်း ၁၀၀% ကို ထုတ်ပေးမည်ဖြစ်ပြီး အများဆုံး ကျပ်သိန်း ၅၀ အထိ အကျိုးခံစားခွင့် ရှိပါကြောင်း Prudential Myanmar ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

Prudential Myanmar သည် အာရှထိပ်တန်း အသက်အာမခံ လုပ်ငန်းကြီးဖြစ်သည့် Prudential Corporation Asia လက်အောက်ရှိ လုပ်ငန်းခွဲ တစ်ခုဖြစ်သည်။

Prudential သည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် မြန်မာနိုင်ငံ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပေးအပ်သော နိုင်ငံခြား သား ရာနှုန်းပြည့် ပိုင်ဆိုင်သည့် အသက်အာမခံ လုပ်ငန်းများ လုပ်ကိုင်နိုင်မည့် လုပ်ငန်းလိုင်စင်ကို လက်ခံရရှိခဲ့ကြောင်း Prudential Myanmar ၏ ဧပြီ ၂၂ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

Prudential သည် ကမ္ဘောဒီးယား၊ တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊  စင်ကာပူ၊ ထိုင်ဝမ်၊ ထိုင်းနှင့် ဗီယက်နမ် စသည့်  အာရှဒေသတစ်လွှားရှိ ဈေးကွက် (၁၃) ခု၏ ထိပ်တန်း အသက်အာမခံ ဝန်ဆောင်မှု လုပ်ငန်းတစ်ခု ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required