ရှမ်းယူနိုက်တက်အသင်းက ကစားသမားများ လစာ ၅၀ ရာခိုင်နှုန်း လျှော့ယူမည်

ရှမ်းယူနိုက်တက်အသင်းက ကစားသမားများ လစာ ၅၀ ရာခိုင်နှုန်း လျှော့ယူမည်
ပုံ- ရှမ်းယူနိုက်တက်အသင်း (ပုံ- ရှမ်းယူနိုက်တက်အသင်း)

ရန်ကုန်၊ ဧပြီ ၂၃

ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုတိုက်ဖျက်ရေး အခက်အခဲ ကာလအတွင်း မြန်မာနေရှင်နယ်လိဂ်(MNL)မှ အသင်းကြီး ဖြစ် သည့် ရှမ်းယူနိုက်တက်အသင်းက ကစားသမားများသည် ၎င်းတို့၏လစာထဲကနေ ၅၀ ရာခိုင်နှုန်း လျှော့ယူမည်ဖြစ်ကြောင်း ရှမ်းယူနိုက်အသင်းက ထုတ်ပြန် ကြေညာထားသည်။

ရှမ်းယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများ စတင်ရပ်နားခဲ့သည့် မတ်လအတွက် ကစားသမားများကို လစာပေးခဲ့ပြီးနောက် ယခုလမှ စတင်ကာ ရှမ်းယူနိုက်တက်အသင်း၏ စီနီယာအသင်းကနေ လူငယ်အသင်းထိ အုပ်ချုပ်သူ၊ နည်းပြနှင့် ကစားသမားများသည် လစာလျှော့ ယူသွားမှာဖြစ်သည်ဟု ရှမ်းယူနိုက်တက်အသင်းမှ မီဒီယာတာဝန်ခံ ကိုအောင်ပိုင်က ပြောသည်။

“တချို့ကလေးတွေက အနည်းဆုံး တစ်သိန်းခွဲရတဲ့ ကလေးတွေရှိတယ်၊ အဲ့လိုကလေးတွေကို မလျှော့ ဘူး။ နောက် တစ်ခုက နှစ်သိန်းရတဲ့ ကလေးကိုလျှော့ရင် ၁၂၀၀၀၀ ကျန်မယ်ဆို ၁၂၀၀၀၀ မပေးဘူး ၁၅၀၀၀၀ ပဲပေး တယ်။ ဥက္ကဋ္ဌကို တချို့ကလေးတွေက အဆင်မပြေဘူးလို့ ပြောထားတယ်။ ဒီအချိန်လေးမှာ သူတို့အနေနဲ့ အသင်းကို ကူညီချင်ပေမယ့် စားဝတ်နေရေး အဆင်မပြေတာတွေ ရှိတဲ့အတွက် အခက်အခဲ ကြုံလာခဲ့ရင်တော့ အသင်း ခေါင်းဆောင် တို့ကို တိုက်ရိုက် ဆက်သွယ်ပြီး ပြောပါ၊ အပြည့်အဝ ကူညီသွားမယ်။ အသင်းပိုင်ရှင်က အိမ်ထောင် ဦးစီးဆို ကိုယ့်သား သမီး ကိုယ်ပြန် ကြည့်တဲ့ သဘောပေါ့”ဟု ၎င်းကပြောသည်။

ပုံ -    ရှမ်းယူနိုက်တက်အသင်း မြန်မာနေရှင်နယ်လိဂ် ချန်ပီယံဆု ဆွတ်ခူးခဲ့(ပုံ-ရှမ်းယူနိုက်တက်အသင်း)

စီနီယာ ကစားသမားများထဲမှ ပြည်တွင်း ကစားသမားများသည် မိမိတို့ မူလ ရရှိနေသော လစာထဲမှ ၄၀ ရာခိုင်နှုန်း လျှော့ ယူသွားမည်ဖြစ်ပြီး နိုင်ငံခြားသား ကစားသမားများကလည်း မိမိတို့ မူလ ရရှိနေသည့် လစာထဲကနေ ၅၀ ရာခိုင်နှုန်း လျှော့ ယူမှာဖြစ်ကြောင်း၊ လူငယ်ကစားသမားများကိုတော့ တစ်ဦးလျှင် အနည်းဆုံး ၁၅၀၀၀၀ ကျပ် (တစ်သိန်းခွဲ) ပေးမည် ဖြစ် ကြောင်း ကိုအောင်ပိုင်က ပြောသည်။

စီနီယာကစားသမား တစ်ဦး၏ အနိမ့်ဆုံးလစာမှာ မြန်မာငွေ ကျပ် ငါးသိန်းဖြစ်ပြီး အမြင့်ဆုံး လစာကတော့ ဒေါ်လာ ၄၀၀၀ ထိ ရှိကြောင်း၊ ရှမ်းယူနိုက်တက်အသင်းတွင် စီနီယာကစားသမား၊ ယူ-၂၁ နှင့် ယူ-၁၉ အသင်းတို့တွင် စုစုပေါင်း ကစား သမား ၇၅ ဦး ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်လိဂ်၏ CEO ဦးစိုးမိုးက “ဒီအချိန်မှာက အကုန်လုံးက ခက်ခဲနေတယ်၊ ကစားသမားတွေဆိုလည်း စားဝတ် နေရေး ခက်ခဲတာပဲ။ အသင်းပိုင်ရှင် ဘက်က ဆိုရင်လည်း ပြိုင်ပွဲမရှိဘဲနဲ့ ဒီတိုင်းကြီး လစာပေးနေရတာ၊ တခြား လှူတာ တွေလည်းရှိတော့ စီးပွားရေးတွေလည်း မကောင်းဘူး။ ကုန်ကျစရိတ် တွေလည်းများတော့ အခက်အခဲရှိတာပေါ့။ နှစ်ဦး နှစ်ဖက် ညှိနှိုင်းပြီးတော့ လစာနှုန်း တစ်ခုခု ကို လျှော့ယူတာ အသင်းပိုင်ရှင်အတွက် ငဲ့ညှာပြီးတော့ အသင်းကို ပြန်လည် ပံ့ပိုးတာက ကောင်းတဲ့အချက်ပါ။ သေချာတာ ကတော့ နှစ်ဖက်လုံး သဘောတူညီချက်နဲ့ ဆောင်ရွက်မှပဲရမယ်”ဟု ပြော သည်။

ရှမ်းယူနိုက်အသင်းသည် ယမန်နှစ်က မြန်မာနေရှင်နယ်လိဂ်တွင် ရှုံးပွဲမရှိ ချန်ပီယံအနေဖြင့် ဗိုလ်စွဲထားသည့် အသင်း ဖြစ် သလို လက်ရှိ ရာသီအစမှာလည်း MFF ချာရတီဖလားကို ဆွတ်ခူး ရရှိထားသော အသင်းဖြစ်သည်။

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု ကာလအတွင်း ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ကျင်းပလျက်ရှိသော ဘောလုံးပြိုင်ပွဲများ ရပ်နား ထားကြသလို ငွေကြေး အခက်အခဲများ ဖြစ်ပေါ်လာခြင်းကြောင့် တခြားသော နာမည်ကြီး အသင်းများဖြစ်သည့် အာဆင် နယ်၊ ဝက်စ်ဟမ်း၊ ဆောက်သမ်တန်၊ ရီးရဲမက်ဒရစ်၊ ဘာစီလိုနာ၊ ဂျူဗင်တပ်စ်၊ ရိုးမား၊ အသက်လက်တီကို၊ အက်စ်ပန်ညို၊ ဘိုင်ယန်မြူးနစ်၊ ဒေါ့မွန် စသည့် အသင်းများမှ ကစားသမားများ အနေဖြင့်လည်း လစာလျှော့ယူမှုများရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly