RSF : မြန်မာ့သတင်းလွတ်လပ်ခွင့် အဆင့် ၁ ဆင့်ကျ

RSF : မြန်မာ့သတင်းလွတ်လပ်ခွင့် အဆင့် ၁ ဆင့်ကျ

ဧပြီ ၂၃

RSF နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ က ထုတ်ပြန်သည့် ၂၀၂၀ ပြည့်နှစ်အတွက် သတင်းလွတ်လပ်ခွင့် အစီရင်ခံစာအရ မြန်မာနိုင်ငံသည် အဆင့်တစ်ဆင့်ကျသွားသည်ဟု ပြောသည်။

နှစ်စဉ်ထုတ်ပြန်လေ့ရှိသည့်အစဉ်အလာအတိုင်း ကမ္ဘာတဝှမ်းမှ နိုင်ငံပေါင်း ၁၈၀ အတွက် အကဲဖြတ်သည့် အစီရင်ခံစာတွင် အဆင့်ကိုဇယားနှင့်ပြထားရာ မြန်မာနိုင်ငံက ၁၃၉ ဖြစ်၍ ယမန်နှစ်ကထက် တစ်ဆင့်ကျသွားသည်။

ပြင်သစ်အခြေစိုက် RSF က "၂၀၁၃ ခုနှစ်မှ ၂၀၁၇ အထိ ကမ္ဘာ့ သတင်းမီဒီယာလွတ်လပ်မှု အညွန်းကိန်းတွင် မြန်မာသည် အဆင့် ၂၀ အထိ တက်ခဲ့သည်။ သို့သော် ယခုအခါ ယင်းသည် အခြေအနေပြောင်းပြန်ဖြစ်ပြီး ပြန်လည် ကျဆင်းမှု ဖြစ်ပေါ်နေသည်။" ဟု ဆိုသည်။

မြန်မာနိုင်ငံသတင်းသမားများတွင် မိမိဘာသာဆင်ဆာဖြတ်တောက်မှုဟုခေါ်သည့် ရေးရန် ဝေဖန်ရန် တွန့်ဆုတ်လက်ရှောင်မှု အနေအထားကလည်း အတော်ပင်မြင့်မားနေကြောင်းနှင့်  "အထူးသဖြင့် အကြောင်းကိစ္စသုံးခု တွင်ဖြစ်သည်။ ယင်းတို့က ရိုဟင်ဂျာ ( တားမြစ်ပိတ်ပင်ထားသည့် အသုံးအနှုန်း) ၊ ဗုဒ္ဓဘာသာ ( မြန်မာ၏ လူမှုဆက်ဆံရေး ကော်) နှင့် ဒေါ်အောင်ဆန်းစုကြည် ( ပြည်သူအများစုက နိုင်ငံ၏ မိခင်အဖြစ် ရှုမြင်ထား) တို့ ဖြစ်သည်။" ဟု RSF က ရေးသားထားသည်။
 
နိုင်ငံအတွင်း သတင်းဌာနအနည်းငယ်က အလားအလာကောင်းသော စုံစမ်းထောက်လှမ်းမှု ဂျာနယ်လစ်ဇင်ကို ထုတ်လုပ်ပေးနေသော်လည်း ၎င်းတို့၏ ပရိသတ်က အရွယ်အစားအားဖြင့် အကန့်အသတ်ဖြင့်သာ ရှိနေသည် ဟုလည်း ပါရှိသည်။

" ယေဘုယျအားဖြင့် ပုဂ္ဂလိကပိုင် မီဒီယာ၏ စီးပွားရေးမော်ဒယ်ကလည်း အလွန်တရာ မခိုင်မခံ့ ဖြစ်နေသည့်အခြေအနေတွင် ဆက်ရှိနေသည်။ အွန်လိုင်း အသရေဖျက်မှုကို ပြစ်မှုအဖြစ် ဥပဒေပြဌာန်းထားသည့် ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) အောက်တွင် တခါတရံ ဂျာနယ်လစ်များ တရားစွဲဆိုခံရမှုများလည်း ရှိနေဆဲဖြစ်သည်။ တချိန်တည်းမှာပင် နိုင်ငံပိုင် မီဒီယာက အစိုးရ၏ ဝါဒဖြန့် သတင်းဌာနများအဖြစ် ဆက်လက်ရှိနေချိန် နိုင်ငံအ နောက်ဘက်ခြမ်းတွင်လည်း လွတ်လပ်စွာ သတင်းစီးဆင်းမှုနှင့် အွန်လိုင်းသတင်းအချက်အလက်များသည် ကြီးကြီးမားမား ဖြတ်တောက်ခံထားရသည်။ နိုင်ငံအနောက်ဘက်ခြမ်းတွင် စစ်တပ်သည် လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်များဖြင့် ဒေသအများအပြားကို အင်တာနက် အဆက်အသွယ် လုံးလုံးလျားလျား ဖြတ်တောက်ထားသည်။" ဟု ထဲ့သွင်းဖော်ပြထားသည်။

သို့သော် အာဆီယံနိုင်ငံများအတွင်း မြန်မာက မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့ပြီးလျှင် စတုတ္တမြောက် သတင်းလွတ်လပ်ခွင့်မြင့်သော နိုင်ငံဖြစ်သည်။  

ဒေသအတွင်း သတင်းလွတ်လပ်ခွင့် အထူးခြားဆုံးနိုင်ငံက  မလေးရှားဖြစ်လို့နေသည်။ ဝန်ကြီးချုပ် နဂျစ် ရာဇတ်၏ ညွှန့်ပေါင်းအစိုးရသည် ၂၀၁၉ ခုနှစ်မေလ ရွေးကောက်ပွဲတွင် ရှုံးနိမ့်သွားပြီးသည့်နောက်ပိုင်း " သတင်း လွတ်လပ်ခွင့်သည် လေကောင်းလေသန့်ရရှိနေခဲ့သည်။" ဟု RSF က အသိအမှတ်ပြုထားသည်။

မလေးရှားနှင့်ပတ်သက်၍  " ဂျာနယ်လစ်တွေအတွက် ယေဘုယျပတ်ဝန်းကျင်ဟာ ပိုပြီး သက်တောင့်သက်သာရှိတယ်၊ မိမိဘာသာ ဆင်ဆာဖြတ်တောက်မှု သိသိသာသာကို ကျဆင်းသွားနေခဲ့တယ်၊ ပြီးတော့ ပုံနှိပ်မီဒီယာဟာ အခုဆိုရင် ညွှန့်ပေါင်းအစိုးရသစ်အပါအဝင် အခုအတိုက်အခံဖြစ်နေတဲ့ အရင်ညွှန့်ပေါင်းအစိုးရကလူတွေရဲ့ အားပေးကူညီမှုနဲ့ ပိုပိုပြည့်ပြည့်စုံစုံနဲ့ ဘက်မျှတဲ့ အမြင်တွေဖော်ပြပေးနေတယ်။" ဟုလည်း သုံးသပ်ထားသည်။
 
RSF ၏ ဇယားတွင် မလေးရှား ၁၀၁၊ အင်ဒိုနီးရှား ၁၁၉၊ ဖိလစ်ပိုင် ၁၃၆၊ မြန်မာ ၁၃၉၊ ထိုင်း ၁၄၀၊ ကမ္ဘောဒီးယား ၁၄၄၊ ဘရူနိုင်း ၁၅၂၊ စင်္ကာပူ ၁၅၈၊ လာအို ၁၇၂၊ ဗီယက်နမ် ၁၇၅ ဖြစ်သည်။

ကမ္ဘာပေါ်တွင် သတင်းစာလွတ်လပ်ခွင့် အမြင့်ဆုံး ငါးနိုင်ငံမှာ နော်ဝေ၊ ဖင်လန်၊ ဒိန်းမတ်၊  ဆွီဒင်၊ နယ်သာလန်တို့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required