ကစားသမား ၁၁ ယောက်ရောင်းမယ့် ရီးယဲလ်နဲ့ နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများ

ကစားသမား ၁၁ ယောက်ရောင်းမယ့် ရီးယဲလ်နဲ့ နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများ

ရီးယဲလ်

ရီးယဲလ်အသင်းဟာ လာမယ့် နွေရာသီအပြောင်းအရွှေ့မှာ ကစားသမား ၁၁ ယောက်လောက်ကို အသင်းကနေ ထွက်ခွာခိုင်းဖို့ရှိတယ်လို့ Marca က ဖော်ပြပါတယ်။ ရီးယဲလ်ရဲ့ အဓိက ကစားသမားတွေဖြစ်ကြတဲ့ မိုဒရစ်၊ ဘေးလ်၊ မာဆယ်လို၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ် ၊ မာရီယာနို၊ ဘရာဟင် ဒီယာ့ဇ်၊ အိုဒီယိုဇိုလာ စတဲ့ ကစားသမားတွေဟာ ရီးယဲလ်ရဲ့ ရောင်းချမယ့် စာရင်းထဲမှာ ရှိနေကြပါတယ်။

တီမို၀ါနာ

ဘာစီလိုနာအသင်းဟာ အင်တာမီလန်တိုက်စစ်မှူး မာတီနက်ဇ်ကို ခေါ်ယူလို့ မရခဲ့ရင် လိုက်ပ်ဇစ်တိုက်စစ်မှူး တီမို၀ါနာကို ခေါ်ယူသွားဖို့ ပြင်ဆင်နေပါတယ်။ လိုက်ပ်ဇစ်အသင်းရဲ့ အဓိက တိုက်စစ်ကစားသမားဟာ လီဗာပူးလ်အသင်းကို ရောက်မယ်လို့ သတင်းတွေ ထွက်နေခဲ့ပြီး အင်တာမီလန် အသင်းကလည်း မာတီနက်ဇ်ရဲ့ နေရာကို အစားထိုးဖို့ စောင့်ကြည့်နေခဲ့တာပါ။

ချယ်လ်ဆီး

ချယ်လ်ဆီးအသင်းဟာ ပြင်သစ်ကလပ် လိုင်လီအသင်းရဲ့ အသက် ၂၁ နှစ်အရွယ် တိုက်စစ်မှူး အိုဆင်ဟမ်နဲ့ နောက်ခံလူ ဂါဘရီယယ်တို့ကို တပြိုင်တည်း ခေါ်ယူဖို့ ကမ်းလှမ်းနေတယ်လို့ Le10Sport က ဖော်ပြပါတယ်။ လာမယ့်အပြောင်းအရွှေ့မှာ ကစားသမားသစ်ခေါ်ယူမှုတွေ ပြုလုပ်မှာဖြစ်တယ်လို့ ကြေညာထားတဲ့ ချယ်လ်ဆီးဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သူတို့ သတ်မှတ်ထားတဲ့ ငွေကြေးအသုံးပြုမှုကို လျော့ချပြီး ကစားသမားအနည်းငယ်သာ ခေါ်ယူခွင့်ရရှိမှာဖြစ်ပါတယ်။

ဘက်ပီ

PSG အသင်းအနေနဲ့ သူတို့နဲ့ ၂၀၂၂ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် တိုက်စစ်မှူး ဘက်ပီကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးမှု မအောင်မြင်ပဲဖြစ်နေတယ်လို့ AS က ဖော်ပြပါတယ်။ PSG အနေနဲ့ စာချုပ်သစ် ကမ်းလှမ်းမှုသာ အဆင်မပြေရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်လိုက်ရမှာဖြစ်တာကြောင့် စာချုပ်သက်တမ်းမကုန်ဆုံးခင်မှာပဲ ဘက်ပီကို ရောင်းချသွားရဖွယ်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

မန်ယူ

မန်ယူအသင်းဟာ ရင်းနက်စ်အသင်းရဲ့ ဘယ်နောက်ခံလူကို ခေါ်ယူရေးမှာ နယူးကာဆယ်နဲ့အပြိုင် ကြိုးစားနေပါတယ်။ အသက် ၂၁ နှစ်အရွယ်သာ ရှိသေးတဲ့ ရင်းနစ် ဘယ်နောက်ခံလူ မာအိုဆာဟာ ပြီးခဲ့တဲ့ ရာသီမှာ ပြသခဲ့တဲ့ ခြေစွမ်းကြောင့် ဥရောပ အသင်းကြီးတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရပြီး သူ့ရဲ့တန်ကြေးက ပေါင် ၇ သန်း ဝန်းကျင်မှာ ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly