မက်ဆီရဲ့ ပုံကိုအဆင့် (၅)ဆင့်တည်းနဲ့ ဆွဲနိုင်ဖို့ ပြသပေးလိုက်တဲ့ ကာတွန်းဆရာ

မက်ဆီရဲ့ ပုံကိုအဆင့် (၅)ဆင့်တည်းနဲ့ ဆွဲနိုင်ဖို့ ပြသပေးလိုက်တဲ့ ကာတွန်းဆရာ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူအများစု နေအိမ်အတွင်းမှာပဲ နေ နေရတဲ့အချိန်မှာ အပျင်းပြေစေဖို့ အားကစားကာတွန်းဆရာ ပေါလ်ထရီဗီလီယွန်က မက်ဆီရဲ့ ပုံကို လွယ်လွယ်လေးနဲ့ ဆွဲနိုင်စေမယ့် နည်းလမ်းတွေကို မျှဝေပေးသွားခဲ့ပါတယ်။

ဘာစီလိုနာ ပရိသတ်တွေအတွက်တင်မကပဲ ကာတွန်းရေးဆွဲသူတွေအတွက်ပါ ဒီနည်းလမ်းတွေက အသုံးဝင်မှာဖြစ်ပြီး မက်ဆီရဲ့ ပုံတူကို ရဖို့ အဆင့်(၅)ဆင့်ပဲ လိုအပ်မှာဖြစ်တယ်လို့ ပေါလ်က ဆိုပါတယ်။

ဒါဟာ နေအိမ်အတွင်းမှာ ပျင်းရိနေသူတွေအတွက် အပျင်းပြေစေမယ့် နည်းလမ်းတစ်ခုလည်းဖြစ်သလို ခဲတံတစ်ချောင်းရှိရုံနဲ့ အလုပ်ဖြစ်မှာပါ။

ပေါလ်ရဲ့ နည်းစနစ်တွေကို ကြည့်ရင် ခက်ခဲတဲ့ ပုံစံမှာ ရှိမနေပဲ လွယ်မယ်လို့ ထင်ရပေမယ့် တကယ်တမ်းဆွဲကြည့်တဲ့အခါမှာတော့ နောက်ဆုံးပုံထွက်လာဖို့ တော်တော်လေး အားစိုက်ထုတ်ရတာကို တွေ့ရပါလိမ့်မယ်။

ခဲခြစ်ပုံကြမ်းကောက်ယူမှုတွေမှာ လွယ်ကူပေမယ့် အဆင့်(၄)ကို ရောက်လာတဲ့အချိန်မှာတော့ တဖြည်းဖြည်း ခက်လာခဲ့ပြီး တကယ်တမ်း ရုပ်လုံးပေါ်လာတော့မယ့် အဆင့်(၅)ကတော့ ပုံဆွဲသူတွေအတွက် စိန်ခေါ်မှုကြီးပါပဲ။

ပေါလ်က မက်ဆီရဲ့ မျက်နှာပုံနဲ့ မက်ဆီ ပြေးပြီး အောင်ပွဲခံနေတဲ့ နှစ်ပုံကို ဘယ်လိုဆွဲရမလဲဆိုတာ ပြသသွားခဲ့ပြီး အောက်မှာ ဖော်ပြထားတဲ့ သူ့ရဲ့ပုံစံအတိုင်း လိုက်ပြီး ဆွဲနိုင်မယ်ဆိုရင်တော့ လုံးဝ ပုံစံတူ မဟုတ်ရင်တောင် အနီးစပ်ဆုံး ပုံစံကို ရရှိမှာပါ။

တွစ်တာမှာတော့ ဒီပုံဆွဲနည်းက နာမည်ကျော်နေပြီး မက်ဆီရဲ့ ပရိသတ်တွေက ဒီပုံတွေကို လွယ်လွယ်ကူကူပဲ ဆွဲပြနိုင်တာကို တွေ့နေရပါတယ်။ တချို့က ပေါလ်ရဲ့ နည်းစနစ်တွေဟာ လွယ်ကူရိုးရှင်းပြီး ကာတွန်းဆရာတစ်ယောက် ပီသတယ်လို့ ချီးကျူးခဲ့ကြပါတယ်။

ဘောလုံးပရိသတ်တွေကတော့ လက်ရှိအချိန်မှာ မက်ဆီနဲ့အတူ ဘောလုံးပွဲတွေကို လွမ်းဆွတ်နေကြပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးပွဲတွေကို ပြန်မြင်ရဖို့ နောက်ထပ် တစ်လလောက် ထပ်စောင့်ဖို့ လိုဦးမယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

စပိန်နိုင်ငံရဲ့ လက်ရှိ ကိုရိုနာဗိုင်းရပ်စ်အခြေအနေဟာ တဖြည်းဖြည်း ထိန်းချုပ်လာနိုင်တဲ့ အနေအထားကို ရောက်လာခဲ့ပြီး ဧပြီ ၁၈ ရက်နေ့ကစလို့ ဗိုင်းရပ်စ်ကြောင့် သေဆုံးသူ အရေအတွက်ဟာ သိသိသာသာ လျော့နည်းလာတာကို တွေ့ရပါတယ်။

စပိန်နိုင်ငံတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၀၄,၁၇၈ ဦး ရှိပြီး သေဆုံးသူ ၂,၁၂၈၂ ယောက် ရှိနေပါပြီ။ ပြန်လည်ကောင်းမွန်လာသူကတော့ ၈,၂၅၁၄ ယောက်အထိ ရှိနေပါပြီ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required