COVID-19 ဂယက်ကြောင့် နှစ်လနီးပါးရပ်နားထားသည့် မြိတ်ဒေသထွက် ကင်းမွန်ပြုတ်ခြောက်လုပ်ငန်း ပြန်စပြီ

COVID-19 ဂယက်ကြောင့် နှစ်လနီးပါးရပ်နားထားသည့် မြိတ်ဒေသထွက် ကင်းမွန်ပြုတ်ခြောက်လုပ်ငန်း ပြန်စပြီ
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်၊ ဧပြီ (၂၁)

ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါကြောင့် တရုတ်နိုင်ငံနယ်စပ်ဂိတ်တွေ ပိတ်ထား၍ တင်ပို့မှု နှစ်လနီးပါးရပ်နားထားရသည့် မြိတ်ဒေသထွက် ကင်းမွန်ပြုတ်ခြာက် လုပ်ငန်းမှာ ယခုရက်ပိုင်းအတွင်း ပြန်လည်လုပ်ကိုင် နေပြီဖြစ်သည်။

မြိတ်ဒေသထွက် ကင်းမွန်စျေးကွက်သည် အဓိကအားဖြင့် တရုတ်နိုင်ငံနှင့်ထိုင်းနိုင်ငံရှိ စျေးကွက်တွေကို မှီခိုတင်ပို့ရောင်းချခဲ့ကြပေမဲ့  (COVID-19) ဂယက်ကြောင့် နှစ်နိုင်ငံနယ်စပ်ဂိတ်များ၏ကုန်စည် စီးဆင်းမှုတွေကို ရပ်နားထားခဲ့ရသည်။ယခုအချိန်တွင်တရုတ်နယ်စပ်မူဆယ်ကုန်စည်တင်ပို့မှုလမ်းကြောင်းပြန်ဖွင့်လိုက်တာကြောင့် တင်ပို့နေကြခြင်းဖြစ်သည်။

“ကင်းမွန် ပြုတ်ခြောက် လုပ်ငန်း နှစ်လနီးပါးလောက် နားလိုက်တော့ အလုပ်သမားတွေ စားဝတ်နေရေး အခက်အခဲ ဖြစ်သွားတယ်၊ အခု ရုံတွေ ပြန်ဖွင့်လိုက်တော့ တချို့တဝက်ကတော့ အလုပ်တွေ ပြန်ရလို့ အဆင်ပြေကြ ပါတယ်”ဟု ကင်းမွန်ပြုတ်ခြောက် အလုပ်သမား တာဝန်ခံ ဦးသိန်းတန်က ပြောသည်။

လုပ်ငန်းများရပ်နားထားစဉ် ဒေသခံ လုပ်ငန်းရှင်များနှင့် ၎င်းလုပ်ငန်းကို မှီခိုလုပ်ကိုင်နေသူများမှာ အခက်အခဲတချို့ ဖြစ်ပွားခဲ့သည်။ လတ်တလောတွင်တရုတ်နယ်စပ်ဂိတ် ပြန်လည် ဖွင့်လှစ်နေခြင်းကြောင့် အလုပ်ရုံများ လုပ်ငန်းပြန်လည်စတင်နေပြီး အခြေခံ အလုပ်သမားများမှာ အလုပ်အကိုင်များရရှိနေကြပြီဟုသိရသည်။

ကင်းမွန်ပြုတ်ခြောက်လုပ်ငန်းများကို တရုတ်နိုင်ငံသားများမှ အလုပ်ရုံများဖွင့်လှစ်ကာ ကိုယ်တိုင် တိုက်ရိုက်ထုတ်လုပ်တင်ပို့မှုများပြုလုပ်ကြခြင်းဖြစ်သည်။ယခုအချိန်တွင် ကင်းမွန်ပြုတ်ခြောက်လုပ်ကိုင်သောအလုပ်ရုံများ ပြန်လည်ဖွင့်လှစ်သောကြောင့် ကင်းမွန်အစိုတင်သွင်းသောလုပ်ငန်းရှင်များနှင့် အလုပ်သမားများအလုပ်အကိုင်ပြန်လည်ရရှိလာကာလုပ်ငန်းများပြန်လည်ပတ်လာကြသည်။

မြိတ်ဒေသခံကင်းမွန်အရောင်းအဝယ်လုပ်ငန်းရှင် ဒေါ်တင်လေးက“ဒီလုပ်ငန်းက ပြီးခဲ့တဲ့ လပိုင်းတွေမှာ ဗိုင်းရပ်စ် ပြဿနာကြောင့် နယ်စပ်ဂိတ် နှစ်ခုက အဝယ်ရပ်နားထားလိုက်တော့အခြေခံအလုပ်သမားတွေရော လုပ်ငန်းရှင်တွေပါ ထိခိုက်မှုကြီးကြီးမားမားကို ဖြစ်ပွားခဲ့တာ”ဟု မဇ္စျိမသို့ပြောသည်။

လုပ်ငန်းများပြန်လည်ပတ်နိုင်ပေမယ့် ကင်းမွန်စျေးနှုန်းတွေကတော့ထက်၀က်ခန့်ကျဆင်းနေကြောင်းလည်းလုပ်ငန်းရှင်များကပြောသည်။တရုတ်နိုင်ငံသားကုန်သည်များသည် မြိတ်ဒေသထွက်ကင်းမွန်များအားဒေသခံ လုပ်ငန်းရှင်များထံမှ တိုက်ရိုက်ဝယ်ယူကြပြီးပြုတ်ခြောက်များလုပ်ကာ တရုတ်နိုင်ငံသို့ပြန်လည်တင်ပို့ကြခြင်းဖြစ်သည်။လက်ရှိအချိန်တွင် ကုန်စည်စီးဆင်းမှုအနည်းငယ်သာရှိခြင်းကြောင့် ကင်းမွန်ပြုတ်ခြောက်စျေးနှုန်းနှင့် ကင်းမွန်အစိမ်းစျေးနှုန်းများမှာထက်ဝက်ခန့်ကျဆင်းနေကြောင်းသိရသည်။

ကီလို ၂၀ ပါကင်းမွန်အစိမ်း တစ်ဗန်းကို ယခင်ကဒေသခံတွေဆီမှာ တရုတ်ကုန်သည်တွေက ကိုးသောင်းမှ တစ်သိန်းအထိ စျေးပေးဝယ်ယူနေရာမှ လက်ရှိမှာ တစ်ဗန်းကို လေးသောင်းမှ ငါးသောင်းကြားသာ ရရှိနေကြောင်း သိရသည်။

အဆိုပါ ကင်းမွန်ပြုတ်ခြောက်လုပ်ငန်းသည် မြိတ်မြို့နယ်မြိတ်တောင်ကျေးရွာအုပ်စု အင်းလေးမြိုင်စက်မှုဇုံ အတွင်း အလုပ်ရုံ ၂၀ ကျော်ရှိပြီး၊ ၎င်း လုပ်ငန်းတွင်ဒေသခံ အလုပ်သမား တစ်ထောင်နီးပါး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနေကြောင်း သိရ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly