ဆန်ချိုကို မန်ယူခေါ်နိုင်ခဲ့ပြီလို့ အင်္ဂလန်မီဒီယာတွေ ဖော်ပြ

ဆန်ချိုကို မန်ယူခေါ်နိုင်ခဲ့ပြီလို့ အင်္ဂလန်မီဒီယာတွေ ဖော်ပြ

ဒေါ့တ်မွန်အသင်းတောင်ပံကစားသမား ဆန်ချိုကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ မန်ယူအသင်းရဲ့ လှုပ်ရှားမှုတွေ အောင်မြင်သွားခဲ့ပြီလို့ အင်္ဂလန်မီဒီယာတွေက ဖော်ပြနေကြပါပြီ။ မန်ယူဟာ ပြီးခဲ့တဲ့ လပိုင်းအတွင်းမှာ ဆန်ချိုနဲ့ လျို့ဝှက်ဆက်သွယ်မှုတွေရှိခဲ့ပြီးနောက် အိုးထရက်ဖို့ဒ်ဆီ ရောက်လာဖို့ ဒေါ့တ်မွန်အသင်းနဲ့ပါ အသေးစိတ် အချက်အလက်တွေ ဆွေးနွေးနိုင်ခဲ့ပြီလို့ သတင်းတွေက ဖော်ပြပါတယ်။

Goal ရဲ့ ဖော်ပြချက်အရတော့ ဆန်ချိုဟာ စာချုပ်သက်တမ်း၊ လစာငွေ၊ ဆုကြေးနဲ့၊ စာချုပ်လျော်ကြေးတွေကို မန်ယူအသင်းနဲ့ အောင်မြင်စွာ ဆွေးနွေးနိုင်ခဲ့ပြီး ဒေါ့တ်မွန်အသင်းအနေနဲ့လည်း စံချိန်တင်ပြောင်းရွှေ့ကြေးမျိုး ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

မန်ယူအသင်းအတွက်တော့ ၂၀၁၆ ခုနှစ်တုန်းက ဂျူဗင်တပ်စ်အသင်းဆီကနေ ပေါ့ဂ်ဘာကို ပေါင် ၈၉ သန်းနဲ့ ခေါ်ယူခဲ့တာထက် ပိုပြီးများတဲ့ ငွေကြေးပမာဏကို အသုံးပြုရဖို့ရှိနေပါတယ်။

ဆန်ချိုဟာ ဥရောပရဲ့ လစာငွေအများဆုံး U-21 ကစားသမားစာရင်းမှာ ပါဝင်ပြီး သူရဲ့လစာငွေက တစ်ပတ်ကို ပေါင် ၁၉၀,၀၀၀ ရရှိနေတာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာလမှာကတည်းက ဒေါ့တ်မွန်အသင်းအမှုဆောင်ချုပ် မိုက်ကယ်ဇော့က မန်ယူအသင်းဟာ ဆန်ချိုရဲ့အေးဂျင့်နဲ့ ဒေါ့တ်မွန်တာဝန်ရှိသူတွေကို အတူ တွေ့ဆုံခဲ့ကြောင်း အသိပေးခဲ့ပြီး လက်ရှိမှာ အပြောင်းအရွှေ့ဟာ ရုပ်လုံးပေါ်လာခဲ့တာပါ။

ဆန်ချို ရောက်လာတော့မယ်ဆိုရင် ဗီလာအသင်းကနေ ခေါ်ယူဖို့ ကြိုးစားနေတဲ့ ဂရီယယ်လစ်ရှ်၊ လက်စတာအသင်းကွင်းလယ်လူ မက်ဒီဆင်တို့ရဲ့ အပြောင်းအရွှေ့တွေက ဖြစ်လာနိုင်ဖို့ မရှိတော့ပဲ နောက်ထပ် တိုက်စစ်မှူးတစ်ဦးတော့ ရောက်လာနိုင်ခြေရှိသေးတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

ဆိုးလ်ရှားအတွက် ငွေတွေသုံးပေးမယ်လို့ ကတိပေးထားတဲ့ ဝုဒ်ဝါ့ဒ်အတွက် စပါးအသင်းတိုက်စစ်မှူး ဟယ်ရီကိန်းဟာ ပစ်မှတ်တစ်ခုအနေနဲ့ ရှိနေဆဲဖြစ်ပြီး ဆန်ချိုနဲ့ ဟယ်ရီကိန်းအတွဲသာ ရောက်လာခဲ့ရင် မန်ယူတိုက်စစ်ဟာ အလုံးစုံ ပြောင်းလဲသွားလိမ့်မယ်လို့ ပရိသတ်တွေကတော့ ယုံကြည်နေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly