ပလက်ဝရှိ တိုက်ပွဲရှောင် ၃၇၀၀ ဝန်းကျင်အတွက် ဆန်အရေးပေါ်လိုအပ်နေ

ပလက်ဝရှိ တိုက်ပွဲရှောင် ၃၇၀၀ ဝန်းကျင်အတွက် ဆန်အရေးပေါ်လိုအပ်နေ
ပလက်ဝဒေသမှ တိုက်ပွဲရှောင်များကို အားပေးစကားပြောနေသော ဝန်ကြီး ဦးစိုးထက် (ပုံ- Soe Htet fb)

ရန်ကုန်၊ ဧပြီ ၁၉

 ချင်းပြည်နယ်၊ပလက်ဝမြို့နယ်အတွင်း တပ်မတော် နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဒေသခံ ၃၆၅၇ ဦးသည် မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ဆန်အရေးပေါ် လိုအပ် လျက် ရှိကြောင်း သိရသည်။

ပုံ- ပလက်သို့ ဆန်တင်ပို့ရန် ဆန်အိတ်များသယ်ယူနေစဉ်(ပုံ- Soe Htet fb)

ပလက်ဝမြို့သို့ ရခိုင်ပြည်နယ်၊ ကျောက်တော်နှင့် ချင်းပြည်နယ်၊ ဆမီးဘက်တို့မှ စားနပ်ရိက္ခာများ သယ်ယူနိုင်သော်လည်း တပ်မတော်နှင့် AA ကြား တိုက်ပွဲများ ဖြစ်ပွားနေသလို ပလက်ဝသို့ ဆန်ပို့မည့် ယာဉ်များ တိုက်ခိုက် ခံနေရခြင်းကြောင့် စားနပ်ရိက္ခာများ အပါအဝင် ဆန်အိတ်များ မပို့ဆောင်နိုင်ဘဲ ဖြစ်နေပြီး ပလက်ဝမြို့ပေါ်ရှိ တိုက်ပွဲရှောင် ၃၆၅၇ ဦးအတွက် အရေးပေါ်ဆန် လို အပ်နေကြောင်း ချင်းတိုက်ပွဲရှောင်ပြည်သူများ ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးကော်မတီ(RCCI) မှ သိရသည်။

RCCI မှ ပြောရေးဆိုခွင့်ရှိသူ မိုင်နန်းဝေက “အခု ဆမီးနဲ့ ပလက်ဝ လမ်းကြောင်းက သွားလို့မရတော့ အခုရှိနေတဲ့ ဆန် အိတ် ၃၀၀၀ ကနေ ဆန်အိတ် ၁၀၀၀ ကို ပို့မယ်ကြိုးစားတော့ နေ့တိုင်းလိုလို စစ်ပွဲတွေ ဖြစ်ပြီး ပစ်ခတ်မှု တွေရှိနေတော့ ကားတွေက မသွားရဲဘူး ဖြစ်နေလို့ ဆန်က ပို့ရခက်နေပါတယ်။ အခု ဒီဧပြီလ ၁၄ ရက်နေ့လောက်ကစပြီး ပလက်ဝ ဘက်ကို ကား ၁၀ စီး နဲ့ ဆန်အိတ် ၈၃၀ အရင် ပို့တာ ပလက်ဝ ဟိုဘက်ကမ်းကို စက်လှေနဲ့ ကူးပြီး ၅ မိုင်လောက်ဆို ပလက်ဝမြို့ပေါ်ကို ရောက်ပြီ ဒါပေမယ့် ကြားထဲမှာ AA ဘက်က ပလက်ဝဘက်ကမ်းကနေ သေနတ်နဲ့ ပစ်ခတ်မှုတွေ ရှိနေလို့ သွားပို့တဲ့ ကူညီ ကယ်ဆယ် ရေးအဖွဲ့တွေက သွားမပို့ရဲတော့ပဲနဲ့ သောင်  တင်နေတာပါ”ဟု ပြောသည်။

ပလက်ဝဒေသမှ တိုက်ပွဲရှောင်များ နေထိုင်နိုင်ရေး ယာယီတည်များ ဆောက်ပေးထား(ပုံ- Soe Htet fb)

ပလက်ဝမြို့ပေါ်ရှိ တိုက်ပွဲရှောင် ၃၆၅၇ ဦးအတွက် ပခုက္ကူ၊ မင်းတပ်နှင့် မတူပီ လမ်းကြောင်းများကနေ ဆမီးသို့ ဆန်အိတ် ၃၀၀၀ ပို့ထားရာ ထိုဆန်အိတ်များကို ပလက်ဝမြို့ပေါ်သို့ ဆမီးမြို့ကတဆင့် သယ်နေသော်လည်း AA က တိုက်ပွဲမှုများ ပြုလုပ်လာခြင်းကြောင့် မပို့နိုင်ပဲ ဖြစ်နေကြောင်း သိရသည်။

RCCI မှ ပြောရေးဆိုခွင့်ရှိသူ မိုင်နန်းဝေက “တပ်မတော်ဘက်က လက်ရှိ လုံခြုံရေးပေးနေတော့ AA ဘက်က လှမ်းပစ် တယ် လုံခြုံရေး မယူပြန်တော့လည်း AA ဘက်က ဖြတ်လုတာတွေ ရှိနေတော့ ကြားညှပ်နေသလို ဖြစ်နေ တာပေါ့။ ပလက်ဝမြို့နယ်မှာနေတဲ့ လူဦးရေ ၁၁၀၀၀၀ ကျော် အနေနဲ့ တိုက်ပွဲတွေ ဖြစ်ပြီးနောက်ပိုင်း တောင်ယာ မခုတ်ရတော့လို့ စားဝတ်နေရေး အဆင်မပြေကြတဲ့ အပြင် စစ်ဘေးရှောင်တွေလည်း များလာလို့ ဆန်ကတော့ မြန်မြန်ပို့ ပေးနိုင်မှ အဆင်ပြေမှာပါ”ဟု ပြောသည်။

ချင်းပြည်နယ်အစိုးရအဖွဲ့မှ စည်ပင်၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဖြစ်သူ ဦးစိုးထက်က ပလက်ဝမြို့သို့ ဆန်အိတ်များ ပို့မည့် ကားများသည် ဧပြီ ၁၈ ရက်ထိ တပ်မတော်နှင့် AA ကြား တိုက်ပွဲများ ဖြစ်ပွားနေခြင်းကြောင့် ရပ်ထားရသော်လည်း ယနေ့ နံနက်ပိုင်းမှာတော့ ပလက်ဝသို့ ကူးမည့် စက်လှေဆိပ်ကမ်းဘက်သို့ ကား ၁၀ စီးရောက်နေပြီးဖြစ်ကြောင်း၊ ပလက်ဝမှ ကယ်ဆယ်ရေးအဖွဲ့ အပါအဝင် အုပ်ချုပ်ရေးအဖွဲ့၊ မြို့မိမြို့ဖနှင့် ဘာသာရေး အဖွဲ့များက စက်လှေဖြင့် သယ်ရန် ကြိုးစားနေပြီဖြစ်ကြောင်း ဆိုသည်။

“AA ဘက်ကရော၊ တပ်မတော် ဘက်ကရော ပစ်ခတ်မှုတွေ မလုပ်ဘူးဆိုရင်တော့ ဒီဆန်အိတ် ၈၅၀ လောက်က ပလက်ဝ ဘက်ကို ပို့ပေးနိုင်မှာပါ။ ဒါ့အပြင် ပလက်ဝဘက်ကို နောက်ထပ် ဆန်အိတ် ၁၅၀၀ နဲ့ လှူဒါန်းထားတဲ့ အခြေခံ စား သောက်ကုန်တွေ ပို့ဖို့ စီစဉ်နေပြီး ကုန်သည်တွေ၊ စေတနာရှင်တွေ အကူအညီနဲ့ လမ်းကြောင်းရှင်းသွားရင် ဆက်တိုက် ပို့ပေးနိုင်ဖို့ လုပ်ဆောင်နေပါတယ်”ဟု ၎င်းက ပြောသည်။

ထို့နောက် ပြည်ထောင်စု အစိုးရက ထောက်ပံ့ပေးသည့် ကျပ်သိန်းပေါင်း ၁၂၀၀ နှင့် ချင်းပြည်နယ်အစိုးရက ထောက်ပံ့ပေး သော ကျပ်သိန်းပေါင်း ၁၂၀၀ စုစုပေါင်း ကျပ်သိန်းပေါင်း ၂၄၀၀ ကို တိုက်ပွဲရှောင်များ ကူညီရေးအ တွက် အသုံးပြုမည် ဖြစ် ကြောင်း၊ ထိုထောက်ပံ့ငွေများထဲက ပလက်ဝ တိုက်ပွဲရှောင်များအတွက် ငွေကျပ်သိန်း ၈၀၀ ၊ဆမီးရှိ တိုက်ပွဲရှောင်များ အတွက် ငွေကျပ်သိန်း ၈၀၀ နှင့် မြင်းခြံအပေါ်ဘက်ရှိ တိုက်ပွဲရှောင်များအတွက် ငွေကျပ်သိန်း ၈၀၀ တို့ကို အသီးသီး အပြုသွားမည်ဖြစ်ကြောင်း၊ တိုက်ပွဲရှောင်များ နေထိုင်ရေးအတွက်လည်း အဆောင်များ ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးဦးစိုးထက်က ပြောသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှာ ၂၀၁၅ ခုနှစ်၊မတ်လက တပ်မတော်နှင့် AA ကြား တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ စဉ်က တိုက်ပွဲရှောင် လူဦးရေမှာ ၂၀၀၀ နှင့် ၃၀၀၀ ဝန်းကျင်ကြားမှာ ရှိသော်လည်း တိုက်ပွဲများ မကြာ ခဏ ဖြစ်ပွားလာ သည့်အတွက် ယခု ၂၀၂၀ ခုနှစ်၊ မတ်လအရောက်မှာတော့ တိုက်ပွဲရှောင် လူဦးရေ ၆၀၀၀ တိုးလာသည့်အတွက် စုစုပေါင်း တိုက်ပွဲရှောင် လူဦးရေ ၉၀၀၀ နီးပါးရှိကြောင်း ချင်းတိုက်ပွဲရှောင်ပြည်သူများ ကူညီ ရေးနှင့် ပြန်လည်ထူထောင်ရေး ကော်မတီ(RCCI)ထံမှ သိရသည်။

အဆိုပါ တိုက်ပွဲရှောင်များသည် လက်ရှိတွင် ပလက်ဝမြို့ပေါ်မှာ ၃၆၅၇ ဦးရှိပြီး ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာ တချို့မှာလည်း ထောင်နှင့်ချီရှိကြောင်း၊ ဆမီးတွင် ၃၀၀၀ ကျော်ရှိသလို မြင်းခြံအပေါ်ဘက်ပိုင်းနှင့် ထန်တ လန်ဘက်မှာ လည်း ရာနှင့်ချီရှိကြောင်း သိရသည်။

ထို့နောက် ပလက်ဝမြို့နယ်အတွင်း တပ်မတော်နှင့် AA ကြား တိုက်ပွဲများကြောင့် ယခုနှစ် မတ်လမှ ဧပြီလအတွင်းတွင် အရပ်သား ၂၉ ဦး သေဆုံးထားပြီး ၃၉ ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၁၆ လုံး မီးလောင်ခဲ့ကြောင်း RCCI ထံမှ သိရသည်။

ထိုအခြေအနေများနှင့် ရင်ဆိုင်နေရသော ပလက်ဝဒေသတွင် ဆန်နှင့် စားနပ်ရိက္ခာများ ပြတ်လပ်နေသလို ကြက်သွန်နီ ၁ ပိဿာကို ၁၀၀၀၀ ကျပ်၊ ဆန်ကြမ်း တစ်အိတ်လျှင် ၇၅၀၀၀ ကျပ်မှ ၁၀၀၀၀၀ ကျပ်အထိ ဈေးပေါက် နေကြောင်း RCCI မှ ပြောရေးဆိုခွင့်ရှိသူ မိုင်နန်းဝေက ပြောသည်။

“အခု ပလက်ဝမြို မှာ ကြက်သွန်နီ တစ်ပိဿာကို ၁၀၀၀၀ ၊ ဆန်ကြမ်း တစ်အိတ်ကို ၇၅၀၀၀ နဲ့ ၁၀၀၀၀၀ ကြား ရှိနေပြီး ဝယ်ချင်ရင်တော့ ဝယ်စရာဆန် မရှိတဲ့ အခြေအနေပါ။ အခု ပို့ဖို့ ရည်ရွယ်ထားတဲ့ ဆန်အိတ် ၃၀၀၀ ပို့ပေးနိုင်ရင်တောင် မိုးတွင်းအထိ ထိန်းနိုင်မယ့် အခြေအနေပဲရှိပြီး လုံလောက်မှု ရှိ/မရှိ ဆိုတာကတော့ မြို့ပေါ်မှာ နေထိုင်တဲ့ ပြည်သူရော၊ တိုက်ပွဲရှောင် ပြည်သူအတွက်ရော ကော်မတီတွေ ဖွဲ့ပြီး ဆွေးနွေးရမယ့် အခြေအနေမှာ ရှိပါတယ်”ဟု ၎င်းက ပြောသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် လူဦးရေ ၁၁၀၀၀၀ ကျော်နေထိုင်လျက်ရှိပြီး မြို့ပေါ် ရပ်ကွက်များတွင် လူဦးရေ ၈၀၀၀ ဝန်းကျင် နေထိုင်လျက်ရှိသလို တိုက်ပွဲရှောင် ၃၇၀၀ နီးပါး နေထိုင်းလျက်ရှိကြောင်း သိရသည်။
လက်ရှိမှာလည်း တပ်မတော်နှင့် AA ကြား ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းမှာ တိုက်ပွဲများ မကြာ ခဏ ဖြစ်ပွားလျက်ရှိနေသည်။

AA ကို အစိုးရက အကြမ်းဖက်အုပ်စုနှင့်မတရားအသင်းအဖြစ် ၂၀၂၀ ခုနှစ်၊မတ်လ ၂၃ ရက်က ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required