နူးကမ့်ကွင်းထက် ပိုကြီးတဲ့ ပရိသတ် ၁၀၀,၀၀၀ ဝင်ဆံ့မယ့် ဘောလုံးကွင်းကြီး ကွမ်ကျိုးအသင်း စတင်တည်ဆောက်

နူးကမ့်ကွင်းထက် ပိုကြီးတဲ့ ပရိသတ် ၁၀၀,၀၀၀ ဝင်ဆံ့မယ့် ဘောလုံးကွင်းကြီး ကွမ်ကျိုးအသင်း စတင်တည်ဆောက်
Photos: AFP

တရုတ်ချန်ပီယံများကလပ် ကွမ်ကျိုးအဲဗားဂရင်းဒီအသင်းဟာ ပရိသတ် ၁၀၀,၀၀၀ ဝင်ဆံ့ပြီး ယွမ် ၁၂ ဘီလီယံ (ဒေါ်လာ ၁.၇ ဘီလီယံ)အထိ ကုန်ကျမယ့် အားကစားကွင်းအသစ်ကို ကြာသပတေးနေ့က စတင်တည်ဆောက်နေပါတယ်။ ဒါဟာ ကမ္ဘာ့အကြီးဆုံးဘောလုံးကွင်းတွေထဲက တစ်ကွင်းဖြစ်လာမှာဖြစ်ပါတယ်။

ဒီကွင်းကြီးဟာ ဘာစီလိုနာအသင်းရဲ့ နူးကမ့်ကွင်းထက် အနည်းငယ်ပိုကြီးပြီး ၂၀၂၂ အကုန်မှာ အပြီးသတ်ဖို့ စီစဉ်ထားတယ်လို့ ဆင်ဟွာသတင်းဌာနက ပြောပါတယ်။

ကွမ်ကျိုးအဲဗားဂရင်းဒီဘောလုံးကွင်းဟာ လှပတဲ့ ကြာဖူးပုံစံဒီဇိုင်းဖြစ်ပြီး တရုတ်ရဲ့ "ပန်းမြို့တော်"အဖြစ် တင်စားခြင်းခံရတဲ့ ကွမ်ကျိုးမြို့ရဲ့ ဂုဏ်သတင်းကို ထင်ပေါ်စေဖို့ဖြစ်ပါတယ်။

ဒီကွင်းဟာ နူးကမ့်ကွင်းက ပရိသတ် (၁၀၅,၀၀၀)ဆံ့တဲ့ ကွင်းအဖြစ် ပြန်လည်မပြုပြင်ခင်အထိတော့ ကမ္ဘာ့အကြီးဆုံးဘောလုံးကွင်းအဖြစ် အနည်းဆုံးအချိန်တစ်ခုထိ ရှိနေပါလိမ့်မယ်။

တရုတ်စူပါလိဂ်ချန်ပီယံ (၈)ကြိမ်ရ ကွမ်ကျိုးအသင်းကို အီတလီကမ္ဘာ့ဖလားဆုရှင် ဖာဘီယို ကန်နဗာရိုက နည်းပြအဖြစ် ကိုင်တွယ်နေပြီး AFC ချန်ပီယံလိဂ်ဖလား (၂)ကြိမ်ရယူခဲ့တဲ့အသင်းဟာ အိမ်ကွင်းပွဲစဉ်တွေမှာ ပျမ်းမျှပရိသတ် (၅၀,၀၀၀)ခန့် အားပေးကြည့်ရှုကြပါတယ်။

ကွင်းသစ်ကြီးဆောက်လုပ်ဖို့အတွက် သတင်းစာရှင်းလင်းပွဲမှာ ကွမ်ကျိုးအသင်းရဲ့ ဥက္ကဋ္ဌ Xia Haijun က "အဲဗားဂရင်းဒီအသင်းရဲ့ ကွင်းကြီးဟာ Sydney Opera House and ဒူဘိုင်းက Burj Khalifa တို့လို နာမည်ကျော် အဆောက်အဦးတွေနဲ့ နှိုင်းယှဉ်ပြီး  ကမ္ဘာ့အဆင့်မီ အထင်ကရနေရာအသစ်တစ်ခုဖြစ်လာပါလိမ့်မယ်။ ပြီးတော့ ကမ္ဘာ့ဘောလုံးလောကအတွက် တရုတ်ဘောလုံးလောကရဲ့ အရေးပါတဲ့ သင်္ကေတတစ်ခုဖြစ်လာပါလိမ့်မယ်။"လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

တရုတ်အစိုးရဟာ နိုင်ငံအတွင်း ဘောလုံးအားကစား တိုးမြှင့်ရေးအတွက် တွန်းအားပေးလုပ်ဆောင်နေပြီး နိုင်ငံတစ်ဝှမ်း အဓိကအားကစားကွင်းသစ်များစွာကို တည်ဆောက်လျက်ရှိပါတယ်။

အဲဗားဂရင်းဒီရဲ့ တရုတ်စူပါလိဂ်ပြိုင်ဘက် ရှန်ဟိုင်း SIPG အသင်းဟာ ပရိသတ် (၃၃,၀၀၀)ဝင်ဆံ့တဲ့ ကွင်းအသစ်တည်ဆောက်နေပြီး ၂၀၂၁ ခုနှစ်မှာ ပြီးစီးမယ်လို့ မျှော်လင့်ရပါတယ်။

တရုတ်နိုင်ငံဟာ ပြိုင်ပွဲဝင်အသင်းအရေအတွက် တိုးချဲ့လိုက်တဲ့ ၂၀၂၁ ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ ၂၀၂၃ အေအက်ဖ်စီ အာရှဖလားပြိုင်ပွဲတွေကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာဖြစ်ပြီး ရှန်ဟိုင်းဟာလည်း အိုလံပစ်ပွဲတော် ကျင်းပဖို့ စိတ်ဝင်စားနေပါတယ်။

Ref; AFP, Give Me Sport

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required