တပ်မတော်သားတွေ အနှောင်အဖွဲ့ကင်းစွာ မဲပေးနိုင်မလား

တပ်မတော်သားတွေ အနှောင်အဖွဲ့ကင်းစွာ မဲပေးနိုင်မလား

မှော်ဘီ၊ ရန်ကုန် (Myanmar Now) ။        ။ ရန်ကုန်မြို့ ဆင်ခြေဖုံး တပ်ရင်းတစ်ခုတွင် တစ်နေ့တာ လေ့ကျင့်သင်တန်းများ ပြီးဆုံးပြီးနောက် လယ်ကွင်းထဲမှ တက်လာသည့် တပ်ကြပ် ခင်မောင်သန်းနှင့် ရဲဘော်သုံးဦးတို့၏ စစ်ရောင်ယူနီဖောင်းများတွင် ရွှံ့များဖြင့် ပေလူးနေသည်။ သူတု့ိသည် စိုက်ပျိုးရေး နည်းပညာသင်တန်း တက်ရောက်ရန် မြန်မာနိုင်ငံ အခြားဒေသများရှိ တပ်စ ခန်းများမှ ယခုသင်တန်းသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် သူတို့ မဲပေးမည်လား၊ လွတ်လွတ်လပ်လပ် မဲပေးခွင့်ရှိမည်လား ဆိုသည့် မေးခွန်းများကို  ပြတ်သားရှင်းလင်းစွာ ပြန်လည် ဖြေဆိုနိုင်ခြင်း မရှိခဲ့ပေ။ “ကျွန်တော်တို့ အနေနဲ့ ဘယ်ပါတီကို မဲပေးရမယ်ဆိုပြီး ညွှန်ကြားခံထားရတာ မရှိပါဘူူး” ဟု တပ်မ တော်တွင် ၃၅ နှစ်ခန့် တာဝန်ထမ်းဆောင်ပြီးဖြစ်သည့် အသက် ၅၂ နှစ်အရွယ် တပ်ကြပ် ခင်မောင်သန်းက ပြောသည်။

မဲပေးရာတွင် ယူဆောင်သွားရမည့် နိုင်ငံသား စိစစ်ရေးကတ်သည် တပ်ရင်းတွင် ထားခဲ့ရသဖြင့် အဆို ပါနေ့တွင် မဲပေး၍ ရ၊ မရ မသိကြောင်း သူက ပြောသည်။ “ကျွန်တော် မဲပေးမယ့် ပါတီအမည်ကို ကျွန်တော့် မိခင်တပ်ရင်းမှာရှိတဲ့ တစ်ယောက်ယောက်ကို ဖုန်းကနေပဲ မက်ဆေ့ချ်ပေးဖြစ်မယ် ထင်တယ်” ဟု သူဖြစ်ချင်သည့် အနေအထားကို ပြောသည်။

ခင်မောင်သန်းနှင့် အတူရှိနေသည့် ရဲဘော်တစ်ဦးက သူ၏ မိခင်တပ်ရင်းမှ တပ်ရင်းမှူးက သူ့ကိုယ်စား မဲပေးလိမ့်မည်ဟု ပြောသည်။ နောက် ရဲဘော်တစ်ဦးကို မေးကြည့်သည့်အခါ ဒေါသထွက်သွားပြီး စစ်တပ်အ တွင်း နိုင်ငံရေးကိစ္စ ပြောခြင်းသည် ရှောင်ကြည်စရာဖြစ်သည်ဟု ခါးခါးသီးသီး တုန့်ပြန်သည်။

မြန်မာနိုင်ငံတွင် တပ်မတော်သားဦးရေ လေးသိန်းခန့်ရှိပြီး အများစုသည် တပ်ရင်းတပ်ဖွဲ့များ အတွင်းရှိ  မဲရုံများတွင် မဲပေးကြမည် ဖြစ်သည်။ တပ်မတော်သားများ လွတ်လပ်စွာ မဲပေးခွင့် ရှိမည်လားဆို သည့် မေးခွန်းနှင့် ပတ်သက်၍ နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲ လေ့လာ စောင့်ကြည့်သူများက အဖြေ မရှာနိုင် သေးပါ။

ဦးသိန်းစိန်အပါအဝင် ဗိုလ်ချုပ်ကြီးဟောင်းများက ဦးဆောင်နေသော အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် တပ်မတော်၏ ကိုယ်ခွဲပါတီအဖြစ် ရှုမြင်ခံထားရသောကြောင့် တပ်မတော် သား အများအပြား  ရွေးကောက်ပွဲတွင် လွတ်လပ်စွာ မဲပေးခွင့်ရရှိပါမည်လားဟု  အခြားနိုင်ငံရေးပါတီများက စိုးရိမ်လျက်ရှိသည်။

တပ်ရင်း တပ်ဖွဲ့များရှိသည့် မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် လွှွတ်တော် ကိုယ်စားလှယ် လောင်းများက စစ်တန်းလျားတွင် မဲပေးမည့်ပုံစံကို သံသယရှိကြောင်းနှင့် အတိုက်အခံတို့အတွက် စစ်သား မဲများရရန် မျှော်လင့်မထားကြောင်း ပြောကြားသည်။

“စစ်တပ်တွေထဲမှာ ပေးမယ့်မဲတွေက ကျွန်တော်တို့အတွက်မဖြစ်နိုင်ဘူးလို့ ယူဆထားပါတယ်” ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ပါဝင်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အနက် ရှားရှားပါးပါး စစ်တပ်အရာရှိဟောင်းတစ်ဦးဖြစ်သူ အသက် ၅၉ နှစ်အရွယ် ဒုတိယ ဗိုလ်မှူးကြီးဟောင်း ကျော်ဇေယျက ပြောသည်။

အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ကျိတ်ပြီး လေးစားခဲ့သောကြောင့် NLD ပါတီသို့ ဝင်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးတွင် စစ်တပ်၏ အခန်း ကဏ္ဍကို လျှော့ချသင့်ပြီဖြစ်ကြောင်း သူက ပြောသည်။

၂ဝဝ၈ အခြေခံဥပဒေအရ လွှတ်တော်အတွင်း ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို စစ်တပ်က အလိုအ လျောက် ရမည်ဖြစ်သောကြောင့် အဆိုပါ နေရာများအတွက် ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ရန် မလိုပေ။

မဲပေးရန် အမိန့်

ဒုတိယဗိုလ်မှူးကြီးဟောင်း ကျော်ဇေယျ ဝင်ရောက်ယှဉ်ပြိုင်မည့် ရန်ကုန်၊ ဒဂုံမြို့နယ် မဲဆန္ဒနယ်တွင် မဲပေးခွင့်ရှိသူ ၁ဝ,ဝဝဝ ခန့်အနက် ၃,ဝဝဝ ခန့်သည် တပ်မတော်သားများအဖြစ် မှတ်ပုံတင်ထားပြီး အချို့သည် စစ်ဆေးရုံတွင် အလုပ်လုပ်နေသူများ ဖြစ်သည်။

သို့သော် ၎င်း၏ မဲဆန္ဒနယ်အတွင်းရှိ စစ်တပ်လိုင်းခန်းများတွင် နေထိုင်ကြောင်း မှတ်ပုံတင်ထားသည့် အဆိုပါ တပ်မတော်သား ၃,ဝဝဝ အနက် ၁,ဝဝဝ ခန့်သည့် မည်သည့်နေရာတွင် ရောက်ရှိနေထိုင် သည်ကို မသိရကြောင်း ၎င်းက ပြောသည်။

စစ်အစိုးရ လက်ထက်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အစိုးရရုံးဌာနများကို နေပြည်တော်သို့ ရွှေ့ပြောင်းခဲ့သည့် ၂ဝဝ၅ ခုနှစ်မှစ၍ အဆိုပါ စစ်တပ်လိုင်းခန်းများတွင် လူနေထိုင်မှု မရှိတော့သော်လည်း ၎င်းတို့ အမည်များ ဒဂုံမြို့နယ်အတွင်းရှိ မဲစာရင်းတွင် ပါနေကြောင်း သူက ပြောသည်။

ထို့ပြင် ၎င်း၏ မဲဆန္ဒနယ်အတွင်း မဲပေးနိုင်သူများစာရင်းသို့ အထူးရဲတပ်ဖွဲ့ဝင် ၇ဝဝ ခန့်၏ အမည်ကို လည်း ရွေးကောက် ပွဲကော်မရှင်က ထည့်ခဲ့ကြောင်း သူကပြောသည်။ သူ၏ မဲဆန္ဒနယ်အတွင်း မဲပေးမည့်သူ ထက်ဝက်ခန့်သည့် စစ်ဘက်မှ ဖြစ်သောကြောင့် ၎င်းတု့ိထံမှ မဲများကို မျှော်လင့်၍ မရကြောင်း၊ တပ်မတော်သားများအနေဖြင့် မိမိတို့သဘောအတိုင်း မဲပေးကြမည်မဟုတ်ဘဲ အထက်အရာရှိများ၏ အမိန့်အတိုင်း မဲပေးကြလိမ့်မည်ဟု ဦးကျော်ဇေယျက သုံးသပ်သည်။ “ကျွန်တော် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တယ်ဆိုရင်တောင်မှ ပွတ်ကာသီကာပဲ ဖြစ်မှာပါ” ဟု ၎င်းက ပြောသည်။

၂ဝ၁၃ ခုနှစ်တွင် အငြိမ်းစားမယူမီအထိ စစ်တပ်တွင် နှစ် ၃ဝ ကျော် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦး ဖြစ်သည့်အတွက် မြန်မာနိုင်ငံတွင် အင်အားအကြီးဆုံး အဖွဲ့အစည်းဖြစ်သည့် စစ်တပ်၏ သဘောသဘာဝကို နားလည်ထားကြောင်း ဦးကျော်ဇေယျက ရှင်းပြသည်။

တပ်မတော်သားများနှင့် ၎င်းတို့၏ မိသားစုများ  နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် မည်သည့် ပါတီမှ ကိုယ်စားလှယ်များကို ရွေးချယ်ရမည် ဆိုသည်မှာ အထက်မှလာသောအမိန့်ပေါ်တွင် မူတည်နေကြောင်း ၎င်းက ပြောသည်။

“စစ်တပ်ထဲက တာဝန်ရှိသူတစ်ယောက်ကနေ တပ်ရင်းမှူးက အစိမ်းကိုပဲ မဲပေးရမယ်လို့ အမိန့်ပေး ထားတယ်လို့ ပြောလိုက်ရင် အားလုံးက အစိမ်းကိုပဲ မဲပေးကြမှာပါ” ဟု အစိမ်း ရောင်အလံနှင့် ပါတီအမှတ်တံ ဆိပ်ကို သုံးထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား ရည်ညွှန်းကာ ဦးကျော်ဇေယျက ပြောသည်။

အမိန့် မနာခံသူများအနေဖြင့် အနာဂတ် အခွင့်အလမ်းများ၊ ရာထူးတိုးမှုများ ထိခိုက်မှုရှိနိုင်ကြောင်း၊ မဲပေးရာတွင် လျှို့ဝှက်မှု ရှိသင့်သော်လည်း  အများသူငါ ဝင်ရောက်ခွင့်မရှိသော စစ်တပ်နယ်မြေ အတွင်းရှိ မဲရုံများတွင် မဲရေတွက်မည်ဖြစ်သောကြောင့်  လျှို့ဝှက်လုံခြုံမှု အပြည့်အဝရမည် မဟုတ်ကြောင်း ဦးကျော်ဇေယျက ပြောသည်။

‘ယုံကြည်ရသော ရွေးကောက်ပွဲ ပေါ်ပေါက်ရေးပြည်သူများ ပူးပေါင်းအဖွဲ့’ မှ အမှုဆောင်ညွှန်ကြားရေး မှူး ဦးစိုင်းရဲကျော်စွာမြင့်က မဲပေးသည့် မဲရုံများတွင်သာ ဆန္ဒမဲလက်မှတ်များကို စစ်ဆေးခြင်းသည် မဲဆန္ဒရှင် များ၏ လျှို့ဝှက် ဆန္ဒမဲပေးခွင့်ကို ထိခိုက်စေနိုင်သည်ဟု ဆိုသည်။  

“အခြား နိုင်ငံတွေမှာဆိုရင် မဲရုံက မဲလက်မှတ်တွေကို လျှို့ဝှက်လုံခြုံမှုရှိတဲ့ အခြားနေရာတစ်ခုခုမှာ သွားပြီး ရေတွက်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့နိုင်ငံမှာ ဒီစနစ် မရှိသေးပါဘူး။ ဒီမှာ ကိုယ်ပေးတဲ့ မဲရုံမှာပဲ မဲတွေကို ရေတွက်ကြတယ်။ အဲဒီလိုလုပ်ခြင်းကြောင့် နောက်တက်မယ့်အစိုးရအနေနဲ့ အဲဒီမဲဆန္ဒနယ် ကျေးရွာကိုပဲဖြစ်ဖြစ်၊ စစ်တပ်နယ်မြေကိုပဲဖြစ်ဖြစ် အငြိုးအတေးရှိလာနိုင်ပါတယ်” ဟု ဦးစိုင်းရဲကျော်စွာမြင့်က ပြောသည်။

ရွေးကောက်ပွဲဆိုင်ရာ ညွှန်ကြားချက်များ

စစ်တပ်အရာရှိများက ရွေးကောက်ပွဲနှင့် ပတ်သက်၍ အောက်ခြေသို့ သီးခြားအမိန့်များ ထုတ်ပြန်ထား ခြင်း ရှိ၊ မရှိ မသိရသော်လည်း သူတို့အရိပ်အကဲကတော့ ရှင်းနေပါသည်။ အောက်တိုဘာ ၂ဝ ရက်နေ့က နေပြည်တော်တွင် တပ်မတော်အရာရှိ ရာပေါင်းများစွာနှင့် တွေ့ဆုံစဉ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော် မိသားစုများ အနေဖြင့် တပ်မတော်အပေါ် နားလည်နိုင်သည့်၊ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်သည့်၊ ပြည်ပအဖွဲ့အစည်းများနှင့် နိုင်ငံခြားသားများ၏ သြဇာခံမဟုတ်သည့် သူများ ကိုသာရွေးကောက်ပွဲတွင် မဲပေးရန် မိန့်ခွန်း ခြွေခဲ့သည်။

ထိုစကားသည် တပ်မတော်အရာရှိ ဟောင်းများနှင့် ဖွဲ့စည်းထားသည့် ပြည်ခိုင်ဖြိုးပါတီကို မဲပေးရန်၊ နိုင်ငံခြားသားတစ်ဦးကို လက်ထပ်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD ကို မဲမထည့် ရန်တိုက်တွန်းချက် ပင်ဖြစ်ကြောင်း အများက လက်ခံထားကြသည်။

“ကျွန်တော်တို့မှာ ပြည်ခိုင်ဖြိုးကို မဲပေးရုံကလွဲလို့ အခြား ရွေးချယ်စရာ မရှိပါဘူး” ဟု ကရင်ပြည်နယ် အတွင်းမှ အမည်မဖော်လိုသူ တပ်မတော် အရာရှိတစ်ဦးက ပြောသည်။ “ကျွန်တော်တို့မှာ ကိုယ်ကြိုက်တာကို နှစ်သက်စွာ ရွေးချယ်ခွင့် မရှိပါဘူး။ လက်ရှိ အခြေအနေတွေအ ရ ပြည်ခိုင်ဖြိုးကိုပဲ မဲပေးရမှာပါ” ဟု ပြောကြားသည်။

ကရင်ပြည်သူ့ပါတီမှ စောမောင်တုတ်က ကာကွယ်ရေးဦးစီးချုပ်၏ အမိန့်ကြောင့် တပ်မတော်သားများ ရွေးကောက်ပွဲတွင် လွတ်လပ်စွာ မဲပေးခွင့်  ထိခိုက်စေသည်ဟု ဆိုသည်။ စောမောင်တုတ်သည် တပ်ရင်းတပ်ဖွဲ့ အများအပြားရှိသည့် မှော်ဘီမြို့နယ်တွင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်အတွက် ဝင်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း တပ်မတော်သားများထံမှ မဲရရန် မဖြစ်နိုင်ကြောင်းပြောကြား သည်။

“ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်တေ်ာတို့ ဘာမှ လုပ်ပိုင်ခွင့် မရှိပါဘူး။ သူတို့လုပ်တာပဲ လက်ပိုက်ကြည့်နေ ရမှာပါ” ဟု သူက ပြောသည်။ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ရွေးကောက်ပွဲနေ့တွင် တပ်ရင်းတပ်ဖွဲ့များအတွင်းရှိ မဲရုံများသို့ ရွေးကောက်ပွဲ လေ့လာေ စာင့်ကြည့်ရေးအဖွဲ့များ၊ စာနယ်ဇင်းသမားများကို ဝင်ရောက်ခွင့်ပြုသွား မည်ဟု သတင်းစာရှင်းလင်းပွဲ တစ်ရပ်တွင် ပြောကြားထားသည်။

မြန်မာနိုင်ငံ ရွေးကောက်ပွဲအတွက် ဥရောပသမဂ္ဂ၏ စောင့်ကြည့်လေ့လာရေးအဖွဲ့ အကြီးအကဲ အလက်ဇန်းဒါးဂရက်လန်းဒေါ့ဖ်က စစ်တပ်အတွင်းရှိ မဲရုံများသို့ ဝင်ရောက်ကြည့်ရှုခွင့်ရရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အာမခံထားသည်ဟု ဆိုသည်။

“ခွင့်မပြုနိုင်ရလောက်အောင် နိုင်ငံတော် လုံခြုံရေးအတွက် ထိခိုက်ခိုက်လောက်တဲ့ ထည့်သွင်းစဉ်း စားရမှု မရှိဘူးဆိုရင် ဥရောပ သမဂ္ဂအဖွဲ့တွေအနေနဲ့  တပ်ရင်းတပ်ဖွဲ့တွေမှာ လုပ်မယ့် မဲပေးမှုတွေကို ဝင်ကြည့် နိုင်ဖို့ ကာကွယ်ရေးဦးစီးချုပ်က သဘောတူထားပါတယ်”  ဟု သူက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required