ကမ္ဘာ့ဖလားအားကစားကွင်းလုပ်ငန်းခွင်၌ ပထမဆုံးဗိုင်းရပ်စ်ကူးစက်ခံရမှုကို ကာတာ အတည်ပြု

ကမ္ဘာ့ဖလားအားကစားကွင်းလုပ်ငန်းခွင်၌ ပထမဆုံးဗိုင်းရပ်စ်ကူးစက်ခံရမှုကို ကာတာ အတည်ပြု
Photo: AFP

ဗုဒ္ဓဟူးနေ့က ကမ္ဘာ့ဖလားအားကစားကွင်း သုံးခုမှာ အလုပ်သမားတွေအကြား ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၅ ယောက်ရှိတယ်လို့ ကာတာက သတင်းထုတ်ပြန်ခဲ့ပြီး ဒါဟာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲပရိုဂျက်နေရာတွေမှာ ပါဝင်သူတွေအနက် ကူးစက်ခံရမှုကို ပထမဆုံးအတည်ပြုတာဖြစ်ပါတယ်။

ပင်လယ်ကွေ့နိုင်ငံက မတ် ၆ ရက်မှစပြီး COVID-19 ရောဂါကူးစက်ခံရသူ ၃,၇၁၁ ယောက်ရှိပြီး သေဆုံးသူ ၇ ယောက်ရှိကာ ပြန်လည်ကောင်းမွန်လာသူ ၄၀၆ ယောက်ရှိတယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် အရင်က ကမ္ဘာ့ဖလားကွင်းလုပ်ငန်းခွင်မှာ ကူးစက်ခံရမှုတွေကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိခဲ့ပါဘူး။

"Supreme Committee for Delivery and Legacy (SC) က အယ်လ်ထွမ်မာမာအားကစားကွင်း ပရိုဂျက်မှာ SC ကန်ထရိုက်တာတစ်ခုအတွက် အလုပ်လုပ်တဲ့ ဝန်ထမ်း နှစ်ယောက်ဟာ COVID-19 ကူးစက်ခံရတယ်လို့ အတည်ပြုပါတယ်။"လို့ ပွဲကျင်းပရေးအဖွဲ့က အေအက်ဖ်ပီကို ပြောပါတယ်။

"ဒါ့အပြင် အယ်လ်ရေယန်ကွင်းပရိုဂျက်မှာ အလုပ်လုပ်နေတဲ့ တစ်ယောက်နဲ့ အယ်လ်ဘတ်ကွင်းပရိုဂျက်က နှစ်ယောက် စုစုပေါင်း သုံးယောက် ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။"

ကာတာနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အားကစားကွင်းသစ် ၇ ခုတည်ဆောက်နေပြီး အဲဒီထဲက ကွင်းတစ်ခုကို တရားဝင်ဖွင့်လှစ်ထားပါတယ်။ ရှိပြီးသား ကွင်းတစ်ခုကိုတော့ ပြန်လည်ပြုပြင်မွမ်းမံခဲ့ပါတယ်။

SC အဖွဲ့အနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်တွေကို လိုက်နာပြီး ရောဂါဖြစ်ပွားမှုတွေကို တုံ့ပြန်ဖို့နဲ့ ကူးစက်ခံရသူတွေ အားလုံးကို လုပ်အားခ ဆက်လက်ပေးသွားမှာဖြစ်ပြီး အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း ရရှိမှာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာကနေ ဒီဇင်ဘာလအထိ ကျင်းပမယ့် ပြိုင်ပွဲရဲ့ အချိန်ဇယားကိုတော့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ပြောင်းလဲဖို့ မရှိသေးပါဘူး။ ဒါပေမယ့် ဒီရောဂါကြောင့် ယူရိုပြိုင်ပွဲနဲ့ တိုကျိုအိုလံပစ်ပြိုင်ပွဲတွေကိုတော့ ရွှေ့ဆိုင်းလိုက်ရပြီးဖြစ်ပါတယ်။ အခုအခါ ပြိုင်ပွဲ နှစ်ရပ်စလုံးကို ၂၀၂၁ ခုနှစ်မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

ဒီအကျပ်အတည်းကာလအတွင်း မလိုအပ်တဲ့ လက်လီရောင်းဝယ်မှုတွေ ပိတ်ပင်လိုက်ပြီး ဗလီတွေ၊ ပန်းခြံတွေနဲ့ စားသောက်ဆိုင်တွေ ပိတ်ပစ်ခဲ့ရတဲ့အထိဖြစ်ပေမယ့်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ အားကစားကွင်းတွေနဲ့ အခြေခံအဆောက်အအုံတွေ ဆောက်လုပ်ရေးလုပ်ငန်းဟာ ဆက်လက်လုပ်ဆောင်နေမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required