မျက်နှာဖုံးဒီဇိုင်းနဲ့တင် ပရိသတ်တွေကို ဖမ်းစားလိုက်တဲ့ အာစင်ဝင်းဂါးရဲ့ အထုပ္ပတ္တိစာအုပ်

မျက်နှာဖုံးဒီဇိုင်းနဲ့တင် ပရိသတ်တွေကို ဖမ်းစားလိုက်တဲ့ အာစင်ဝင်းဂါးရဲ့ အထုပ္ပတ္တိစာအုပ်

အာဆင်နယ်အသင်းရဲ့ သက်တော်ရှည်နည်းပြကြီးဖြစ်ခဲ့တဲ့ အာစင်ဝင်းဂါးရဲ့ ဘဝဖြတ်သန်းမှုစာအုပ်က ဒီနှစ် အောက်တိုဘာ ၂၀ မှာ စတင်ထွက်ရှိတော့မှာပါ။ My Life in Red and White လို့ အမည်ပေးထားတဲ့ ဒီစာအုပ်က စာမျက်နှာ (၃၅၂)မျက်နှာ ပါဝင်မှာဖြစ်ပြီး အာဆင်နယ်အသင်းမှာ ခံစားခဲ့ရတဲ့ အာစင်ဝင်းဂါးရဲ့ အောင်မြင်မှုနဲ့ ကျရှုံးမှုတွေအကြောင်း ဖြစ်ပါတယ်။

အသက် ၇၀ အရွယ် ရှိပြီဖြစ်တဲ့ အာဆင်နယ် နည်းပြဟောင်းကြီးဟာ အာဆင်နယ်အသင်းအတွက် မမေ့နိုင်တဲ့ အမှတ်တရတွေကို ထားရစ်ခဲ့သူဖြစ်ပြီး ၂၀၀၃-၀၄ ဘောလုံးရာသီရဲ့ ရှုံးပွဲမရှိ စံချိန်မှတ်တမ်းက အာဆင်နယ်ရဲ့ သမိုင်းတစ်လျှောက်မမေ့နိုင်တဲ့ အမှတ်တရ ဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ၁၄ နှစ်ကြာမြင့်ပြီးနောက်မှာတော့ အာဆင်နယ်အသင်းရဲ့ ပရိသတ်တွေက အဲဒီအောင်မြင်မှုကြီးကို မေ့ပစ်လိုက်ကြတယ်။ သူတို့က ကွင်းထဲမှာ “Wenger Out” ဆိုတဲ့ စာတမ်းတွေကိုင်ဆောင်ပြီး အာစင်ဝင်းဂါးကို အသင်းကနေ ထွက်သွားဖို့ ရက်ရက်စက်စက် တောင်းဆိုခဲ့ကြပါတယ်။

အဲဒီနောက်မှာတော့ အာစင်ဝင်းဂါးဟာ ၂၀၁၇-၁၈ ဘောလုံးရာသီအကုန်မှာ အသင်းနည်းပြ ရာထူးကနေ နုတ်ထွက်သွားခဲ့ပြီး သူ့ရဲ့နေရာကို အူနိုင်းအမ်မရီ က အစားဝင်ရောက်လာခဲ့တာပါ။

အခုအချိန်မှာတော့ အာစင်ဝင်းဂါးက သူ့ရဲ့အနိမ့်အမြင့်အတက်အကျ များလှတဲ့ ဘဝဇာတ်လမ်းတွေအကြောင်းကို စာအုပ်တစ်အုပ်အဖြစ် ထုတ်ဝေတော့မှာဖြစ်ပြီး Amazon မှာတော့ ကြိုတင်မှာယူမှုတွေကိုတောင် လက်ခံနေပါပြီ။

အွန်လိုင်းက စာအုပ်အညွှန်းမှာတော့ အာဆင်နယ်အသင်းနဲ့အတူ ဘောလုံးခေတ်သစ်တစ်ခုကို ထူထောင်ခဲ့တဲ့ နည်းပြ အာစင်ဝင်းဂါးက သူ့ရဲ့ကိုယ်ပိုင်ဇာတ်လမ်းတွေကို အခုလို ပြောပြခဲ့တာပါ…လို့ ဖော်ပြထားခဲ့ပြီး မျက်နှာဖုံးနဲ့တင် ဆွဲဆောင်မှုရှိတဲ့ စာအုပ်တစ်အုပ် ဖြစ်နေပြီလို့ ပရိသတ်တွေက မှတ်ချက်ပေးခဲ့ကြပါတယ်။

ဒီစာအုပ်ထဲမှာ အာစင်ဝင်းဂါးရဲ့ခေါင်းဆောင်မှုဆိုင်ရာ အမြင်တွေနဲ့ အောင်မြင်မှုဆီသွားတဲ့နည်းလမ်းတွေကို မျှဝေပေးသွားပြီး သူ့ကိုယ်သူ ဘယ်လိုတည်ဆောက်ခဲ့တယ်ဆိုတဲ့အကြောင်းတွေကိုလည်း ပရိသတ်တွေသိဖို့ ပြောပြထားခဲ့ပါတယ်။

ဒီစာအုပ်က အာဆင်နယ်အသင်းရဲ့ ပရိသတ်တွေအပြင်၊ ကမ္ဘာတစ်ဝှမ်းလုံးက ဘောလုံးချစ်တဲ့ပရိသတ်တွေ ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်လို့ စာအုပ်အညွှန်းတွေက ဖော်ပြကြပြီး အားကစားသမားတွေ၊ လေ့ကျင့်ရေးနည်းပြတွေနဲ့ စီးပွားရေးခေါင်းဆောင်တွေအတွက်ပါ အသုံးဝင်တဲ့ စာအုပ်တစ်အုပ်ဖြစ်မှာ သေချာတယ်လို့ မှတ်ချက်တွေပေးနေကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required