ဓါးခုတ်ခံရသူ ဦးနိုင်ငံလင်း ဆိုက္ကားအစီး ၅၀၀ ဖြင့် မနက်ဖြန် မဲထပ်ဆွယ်မည်

ဓါးခုတ်ခံရသူ ဦးနိုင်ငံလင်း ဆိုက္ကားအစီး ၅၀၀ ဖြင့် မနက်ဖြန် မဲထပ်ဆွယ်မည်

ရန်ကုန် နိုဝင်ဘာ ၃ ။              ။ သာကေတမြို့နယ်အတွင်း မဲဆွယ်စည်းရုံးရာမှ ဓါးခုတ်ခံရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရန်ကုန်တိုင်း လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ အမတ်လောင်းလည်းဖြစ်၊ လက်ရှိပြည်သူ့လွှတ်တော်အမတ်လည်းဖြစ်သည့်  ဦးနိုင်ငံလင်း က နိုဝင်ဘာ ၄ ရက်တွင် ယင်းမြို့နယ်အတွင်း ဆိုက္ကားအစီးရေ ၅၀၀ နှင့်အတူ မဲဆွယ်စည်းရုံးရေး ထပ်မံပြုလုပ်မည်ဟု ၎င်း၏ ဇနီး ဒေါ်ခင်စန္ဒာဝင်း က မဇ္ဈိမကို အတည်ပြုသည်။

"လမ်းလျောက်နိုင်တယ်။ ဆရာဝန်ကလည်း အလုပ်ဖြစ်လို့ ခွင့်ပြုပါတယ်။ တစ်ချို့လက်ချောင်းတွေတော့ လှုပ်လို့ မရသေးဘူး။ ဒါပေမယ့် မဲဆွယ်ဖို့ကလည်း ၂ ရက်ပဲ ကျန်တော့တယ်။ ကိုနိုင်ငံလင်းကလည်း ထပ်လုပ်ချင်လို့ မနက်ဖြန် မဲဆွယ်စည်းရုံးရေးထပ်ဆင်းမှာပါ။" ဟု ၎င်းကပြောသည်။

ဦးနိုင်ငံလင်းက နိုဝင်ဘာ ၄ ရက်တွင် မဲဆွယ်စည်းရုံးရေးဆင်းရန်အတွက် လက်ရှိဆေးကုသခံနေသည့် နံနက် ၁၀နာရီတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဆင်းမည်ဖြစ်ပြီး၊ နေ့လည် ၁၂နာရီတွင် သာကေတမြို့နယ် NLD ရုံးအား စုရပ်အဖြစ်ပြုလုပ်ကာ သာကေတမြို့နယ်မှ ဝင်ရောက်သည့် အမတ်လောင်းများဖြင့် ပူးပေါင်း၍ စုပေါင်းမဲဆွယ်ကြမည်ဟု ဆိုသည်။

ကျန်းမာရေး အခြေအနေသည် အသက်အန္တာရယ်မှ စိုးရိမ်ရသည့်အခြေအနေ လုံးမရှိတော့သဖြင့် အရိုးအကြောအထူးကု ဆရာဝန်ကိုယ်တိုင်မှ ခွင့်ပြုချက်ပေးခဲ့သည်ဟု ဦးနိုင်ငံလင်း၏ ဇနီး ဒေါ်ခင်စန္ဒာဝင်းထံမှသိရသည်။

ဦးနိုင်ငံလင်းအပါအဝင် သာကေတ မြို့နယ်မှ ဝင်ရောက်သည့် ပြည်သူ့လွှတ်တော်၊ တိုင်းလွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့မှ အမတ်လောင်းများနှင့် အတူ ဆိုက္ကားဆရာများလည်းပါဝင်ပြီး ဆိုက္ကားအစီးရေ ၅၀၀ တို့နှင့်အတူ မဲဆွယ်စည်းရုံးရေး ထပ်မံပြုလုပ်မည်ဟု သာကေတမြို့နယ် NLD ပြည်သူ့လွှတ်တော်အမတ်လောင်း ဒေါက်တာဝေဖြိုးအောင်ကလည်း အတည်ပြုပြောကြားသည်။

"ကိုနိုင်ငံလင်း ပါမှာပါ။ သူကဆိုက္ကားစီးလို့ မရတဲ့အတွက် အရှေ့ကနေ ကားပေါ်လိုက်မှာပါ။ အဓိကတော့ မဲဆန္ဒရှင်တွေကို သူအသက်အန္တရယ်က လုံးဝမရှိတော့တာကို ပြချင်တာပါ။" ဟု ဒေါက်တာဝေဖြိုးအောင် က ပြောဆိုသည်။

သာကေတမြို့နယ်အတွင်း NLD အမတ်လောင်းများ မဲဆွယ်စည်းရုံးရာတွင် ဆိုက္ကားဆရာများက ကူညီထောက်ပံ့ပေးလို သည်ဟု တောင်းဆိုလာသည့်အပေါ် NLD က ၎င်းတို့နှင့် ပူးပေါင်းကာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်ကလည်း တရားဝင်မဲဆွယ်နိုင်ရေးအတွက် ခွင့်ပြုသဖြင့် နိုဝင်ဘာ ၄ရက်တွင် မဲဆွယ်စည်းရုံးရေးကို ထပ်မံပြုလုပ်မည်ဖြစ်သည်ဟု လည်းပြောသည်။

ဦးနိုင်ငံလင်းအပါအဝင် NLD အမတ်လောင်းများသည် အောက်တိုဘာ ၂၉ရက်နေ့ ညပိုင်း မဲဆွယ်စည်းရုံးရေး ပြုလုပ်စဉ် ည ၉နာရီခန့်က သာကေတမြို့နယ်ရှိ မန်ပြေ (၈) လမ်း၌ လက်နက်များဖြင့် အတိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags