မြိတ်မင်္ဂလာဆောင်သွားခဲ့သော Case 025 နှင့် ဆက်နွယ်ခဲ့သည့် လူ ၂၀၀ ကျော်ကို Quarantine ထားရှိ

မြိတ်မင်္ဂလာဆောင်သွားခဲ့သော Case 025 နှင့် ဆက်နွယ်ခဲ့သည့် လူ ၂၀၀ ကျော်ကို Quarantine ထားရှိ
Photos: ဒီမိုးသွေး (မြိတ်)

ဧပြီ (၁၁)

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသော လူနာအမှတ် (၂၅) မှာ မြိတ်မြို့ရှိ မင်္ဂလာဆောင်ပွဲသို့ တက်ရောက်ခဲ့၍ ဧပြီလ ၁၀ ရက်နေ့ ညနေပိုင်းက စတင် စစ်ဆေးခဲ့ပြီးနောက် ဟိုတယ် ဝန်ထမ်းနှင့် မိသားစုဝင် ၂၀၀ ဦးကျော်ကို ကွာရန်တိုင်း ပြုလုပ်ထားကြောင်း သိရသည်။

ကွာရန်တိုင်းပြုလုပ်ထားသူများမှာ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ခရိုင် သုံးခုဖြစ်သော ထားဝယ်ခရိုင်၊ မြိတ်ခရိုင်နှင့် ကော့သောင်းတို့တွင် နေသူများ ဖြစ်ကြသည်။

 

လူနာအမှတ် (၂၅) မှာ မြိတ်မြို့သို့ မတ်လ ၂၃ ရက်နေ့က လေကြောင်းလိုင်းဖြင့် ရောက်ရှိလာပြီး အိမ်တော်ဖြူ ဟိုတယ်တွင် တည်းခိုခဲ့သလို မင်္ဂလာပွဲတက်ခြင်းနှင့် စားသောက်ဆိုင်များကို သွားရောက်ခြင်းများ ပြုလုပ်ခဲ့သည်။

“ဟိုတယ်ကိုလည်း အသုံးပြုခဲ့တဲ့ အတွက် တည်းခိုခဲ့တဲ့ အိမ်တော်ဖြူဟိုတယ်မှ ဝန်ထမ်းများ အားလုံးကို Quarantine လုပ်ထားပါတယ်၊ ဝန်ထမ်းနှင့် ဆက်နွယ်နေတဲ့ မိသားစုဝင် အားလုံးကိုလည်း Quarantine လုပ်နေပါတယ်”လို့ မြိတ်မြို့နယ် COVID -19 ကာကွယ် တားဆီးရေး ကော်မတီ အဖွဲ့ဝင် ဦးမြတ်ကိုကိုက ပြောကြားသည်။

သက်ဆိုင်ရာ ခရိုင်ရှိ မြို့နယ်များတွင် ၎င်း သွားရောက်ခဲ့သော နေရာများနှင့် ပတ်သက် ထိတွေ့ ခဲ့သူများကို တာဝန်ရှိ သူများက လိုက်လံစစ်ဆေးနေပြီး မိသားစုဝင်များကိုလည်း စောင့်ကြည့်ရေးစင်တာသို့ ပို့ဆောင်နေ ကြောင်း သိရသည်။

 

မြိတ်မင်္ဂလာဆောင် တက်ရာက်ခဲ့သည့် ကော့သာင်းမြို့နေ နေမိသားစုဝင်များနှင့် ၎င်းတို့ နေအိမ်မှ အလုပ်သမားများအပါဝင် စုစုပေါင်း ၃၀ ဦးကျော်ကို ဧပြီ၁၀ ရက်နေ့ ညက အဏ္ဏဝါရပ်ကွက် စာသင်ကျောင်းရှိ Quarantine စောင့်ကြည့်ရေး စင်တာကို ပို့ဆောင်ထားကြောင်း ကော့သောင်းမြို့နယ် COVID - 19 ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီထံမှ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly