မဲပြားတွေ အဝါရောင် ဖြစ်နေတဲ့ကိစ္စ ပါတီများ ရှင်းပြဖို့ ကော်မရှင် ကြေညာ

မဲပြားတွေ အဝါရောင် ဖြစ်နေတဲ့ကိစ္စ ပါတီများ ရှင်းပြဖို့ ကော်မရှင် ကြေညာ

ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲပြားများကို အဝါရောင် အသုံးပြုထားခြင်းကြောင့် ပါတီများ၏ အမှတ်တံဆိပ်တွင် အဖြူရောင် ပါရှိလာမည်ဆိုပါက အဆိုပါ အဖြူရောင်သည် အဝါရောင် ဖြစ်နေမည်ဖြစ်ကြောင်း မဲဆန္ဒရှင်များသို့ အသိပေးကြပါရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာ ၃ ရက်တွင် ကြေညာလိုက်သည်။

“မိမိတို့၏ အမှတ်တံဆိပ်တွင် အဖြူရောင် ပါရှိမည် ဆိုပါက အဝါရောင် ဖြစ်နေမည်ဖြစ်ကြောင်း မဲဆန္ဒရှင်များအား ရှင်းလင်းအသိပေးသွားရန်” ဟု ကြေညာချက်တွင်ပါရှိသည်။

မဲပြားတွင် အသုံးပြုထားသည့် မူရင်းစက္ကူ၏ အရောင်သည် အဝါရောင်ဖြစ်ခြင်းကြောင့် ပါတီအမှတ်တံဆိပ်တွင် ပါသည့် အဖြူရောင်မှာ အဝါရောင်သို့ ဖြစ်နေမည်ဟု ကော်မရှင်က ရှင်းလင်းထားပြီး စက္ကူအမျိုးအစားကြောင့်ဟု ဖြေရှင်းချက်ပေးထားသည်။

မဲဆန္ဒ လက်မှတ်များကို အတုမလုပ်နိုင်ရန်၊ စွပ်စွဲပြစ်တင်မှုများ မလုပ်နိုင်အောင် “အင်ဒိုနီးရှား PT Pura စက်ရုံမှ တင်သွင်းသည့် လုံခြုံရေး အမှတ်အသားပါ Light Yellow W / F Paper (80 gsm) အမျိုးအစား အဝါရောင် စက္ကူကို မှာယူတင်သွင်းပြီး ဆန္ဒမဲလက်မှတ်များ ရိုက်နှိပ်ခဲပါသည်” ဟုလည်း ကြေညာချက်တွင် ပါရှိသည်။

နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် အများဆုံး ဝင်ရောက်ယှဉ်ပြိုင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီအမှတ်အသားမှာ အဝါရောင် ခွပ်ဒေါင်းနှင့် အဖြူရောင် ကြယ်ကို အသုံးပြုထားသည်ဖြစ်ရာ ယခု အသုံးပြုထားသည့် စက္ကူဝါကြောင့် ကြယ်ဖြူမှာ ကြယ်ဝါ အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags