COVID-19 ကြောင့် အလုပ်အကိုင်ဆုံးရှုံးရသည့် အထည်ချုပ်လုပ်သားများကို EU က ယူရို ၅ သန်း ထောက်ပံ့မည်

COVID-19 ကြောင့် အလုပ်အကိုင်ဆုံးရှုံးရသည့် အထည်ချုပ်လုပ်သားများကို EU က ယူရို ၅ သန်း ထောက်ပံ့မည်
ပုံ- အထည်ချုပ်နေသော အထည်ချုပ် အလုပ်သမများကို တွေ့ရစဉ် (ပုံ- လာဘ်ရတနာဗိုလ်)

ရန်ကုန်၊ ဧပြီ ၉

COVID-19 ရောဂါကြောင့် အလုပ်အကိုင်များ ဆုံးရှုံးခဲ့ကြသည့် မြန်မာနိုင်ငံမှ အထည်ချုပ် လုပ်သားများအား ကူညီ ပံ့ပိုး ပေးနိုင်ရန်  အရေးပေါ်ရန်ပုံငွေ အစီအစဉ်ဖြင့် အရေးပေါ်ရန်ပုံငွေ ယူရို ငါးသန်း ( မြန်မာကျပ်ငွေ ၇.၉ ဘီလီယံ တန်ဖိုးရှိ)ကို ပံ့ပိုးပေးသွားမည်ဟု ဥရောပသမဂ္ဂ(EU)က ကြာသပတေးနေ့တွင် ကြေညာလိုက်သည်။
 
၂၀၂၀ ခုနှစ်၊ မေလမှ ဇူလိုင်လအထိ သုံးလတာတွင် အခြေခံအလုပ်သမားဦးရေ ၃၈,၀၀၀ မှ ၉၃,၀၀၀ အထိ အထောက်အပံ့ဖြစ်နိုင်သည့် မြန်ကူ(Myan Ku) အရေးပေါ် အထောက်အပံ့ငွေ ထောက်ပံ့ရာတွင် သုံးစွဲမည့် ငွေပမာဏ သုံးမျိုးပါရှိသည်။

  • - (၁) ငွေကြေး ၈၀ ရာခိုင်နှုန်းကို အလုပ်လက်မဲ့ဖြစ်သွားသော (သို့) လုပ်ငန်းခွင်မှ ထုတ်ပယ်ခံရသော အလုပ်သမားများကို ထောက်ပံ့ရန်
  • - (၂) ငွေကြေး ၁၀ ရာခိုင်နှုန်းကို တရားဝင်နည်းလမ်းမကျသော အလုပ်ထုတ်ပယ်ခံရခြင်း၊ အထောက်အထားရှိသည့် အလုပ်သမားများအား ထောက်ပံ့ရန်
  • - (၃) ငွေကြေး ၁၀ ရာခိုင်နှုန်းမှာ မိမိအလုပ်သမားများအား ဆက်လက်ထိန်းသိမ်းထားရှိပြီး အထောက်အပံ့ပေးလိုသည့် အသေးစား၊ အလတ်စား (SME) လုပ်ငန်းများအတွက် ငွေကြေးထောက်ပံ့မှု တို့ဖြစ်သည်။

ကဏ္ဍ (၁) အရ အလုပ်သမားတစ်ဦးလျှင် တစ်လ ပျှမ်းမျှ ၇၅,၀၀၀ ကျပ်ဖြင့် အလုပ်သမား အနည်းဆုံး သုံးသောင်းမှ ရှစ်သောင်းအထိ အကျိုးခံစားခွင့်ရှိမှာဖြစ်သည်။

ကဏ္ဍ (၂) အရ အလုပ်သမားဦးရေ သုံးထောင်မှ ရှစ်ထောင်အထိကို တစ်ဦးလျှင် ၁၂၅,၀၀၀ ကျပ် ထောက်ပံ့ရန် စီစဉ်ထားသည်။

ကဏ္ဍ (၃) အရ အလုပ်သမား ငါးထောင် ဆက်လက်အလုပ်ခန့်ထားနိုင်စေရေးအတွက် စက်ရုံ ၃၀ အား ထောက်ပံံ့သွားမှာဖြစ်သည်။ အလုပ်သမားများ နေထိုင်၊ စားသောက်ရေး အခမဲ့ထောက်ပံ့ခြင်းကဲ့သို့သော ငွေကြေးအားဖြင့်လည်းကောင်း၊ လုပ်အားဖြင့်လည်းကောင်း ပူးပေါင်းပါဝင်မည့် စက်ရုံများအတွက်ဖြစ်သည်။

" မြန်မာနိုင်ငံတဝှမ်းမှာ အထည်ချုပ်စက်ရုံပေါင်း ၆၀၀ နီးပါးရှိပါတယ်။ ပြီးခဲ့တဲ့ မတ်လကတည်းက စက်ရုံပိတ်မှုတွေနဲ့ ထောင်၊ သောင်းများစွာသော လုပ်သားများ အလုပ်လက်မဲ့ဖြစ်မှုတွေကို အများအပြား တွေ့နေရပါတယ်။ ဒီလိုအခြေအနေမျိုးကို ဧပြီလမှာပါ ဆက်မြင်ရနိုင်တယ်လို့ ကျွန်မတို့ ယူဆရပါတယ်။ အခုလို အခက်အခဲ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတဲ့အချိန်မှာ မြန်ကူ (Myan Ku) အရေးပေါ်ငွေသား ရန်ပုံငွေက ထိခိုက်နစ်နာခဲ့ရတဲ့ အလုပ်လက်မဲ့ ထောင်၊ သောင်းများစွာသော လုပ်သားတွေနဲ့ သူတို့မိသားစုတွေကို အဓိက ပံ့ပိုးကယ်တင်ပေးနိုင်မယ့် အထောက်အပံ့ကောင်းနည်းလမ်းတစ်ခုဖြစ်လာပါတယ်" ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်မှ ပြောသည်။

မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီး Mr. Kristian Schmidt က “မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရဲ့ ၇၀ ရာခိုင်နှုန်း က ဥရောပဒေသကို တင်ပို့နေတဲ့အပြင် နိုင်ငံတစ်ဝန်းက အမျိုးသမီးတွေအတွက် အလုပ်အကိုင် အခွင့်အလမ်း ပေါင်း လေးသိန်းခွဲကို ဖန်တီးပေးနေတာပါ။ ”ဟု ပြောသည်။

မြန်မာနိုင်ငံကို ဥပရောပဈေးကွက်သို့ တင်ပို့နိုင်ရန်အတွက်  အထည်ချုပ်လုပ်ငန်း ကနေတဆင့် မြန်မာနိုင်ငံတစ်ဝန်းရှိ သန်းပေါင်းများစွာသော ပြည်သူများ၏ ဘဝများ တိုးတက်ရေးကို တစ်ဖက်တလမ်းက ကူညီပေးခဲ့သလို အလုပ်သမားဆိုင်ရာ အခွင့်အရေးများ ကျယ်ပြန့်လာရေးနှင့် သဘာဝ ပတ်ဝန်းကျင်နှင့်အညီ စံချိန်စံညွန်း များကို ပိုမို မြှင့်တင်နိုင်ရေးတို့ကို ဆောင်ရွက်နိုင်ခဲ့ကြောင်း ၎င်းက ဆိုသည်။

သံအမတ်ကြီး Mr. Kristian Schmidt က “ အခုလို စက်ရုံတွေ ဖြစ်သွားကြတာကို မျက်ဝါးထင်ထင် မြင်တွေ့ရတဲ့ အတွက်လည်း အင်မတန် ဝမ်းနည်းမိပါတယ်။ ဒီလို ထိခိုက် နစ်နာခဲ့ရတဲ့ အမျိုးသမီးတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို ပံ့ပိုး ကူညီပေး နိုင်ဖို့လည်း ချက်ချင်းဆောင်ရွက်ဖို့ လိုပါတယ်” ဟု ပြောသည်။

 EU က ထောက်ပံ့ပေးမည့် ငွေကြေးကို CTUM အပြင် တခြားသော အလုပ်သမားအရေး လှုပ်ရှားနေသော ပုဂ္ဂိုလ်များနှင့် လက်ရှိ CTUM ဖြင့် ပူးပေါင်း လုပ်ကိုင်နေသည့် အဖွဲ့အစည်း ၁၄ ဖွဲ့မှ အချက်အလက်များကို ပြုစုပြီး ဥရောပသမဂ္ဂ(EU) နှင့် ဆက်လက်ဆွေးနွေးသွားမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (CTUM) ၏ ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောသည်။

ငွေကြေးထောက်ပံံ့မှုကို Wave Money ဝန်ဆောင်မှုမှတဆင့် လွှဲပြောင်းပေးသွားရန် EU က စီစဉ်ထားသည်။
 

ပုံ -အလုပ်ရှင်ထွက်ပြေးလို့ လုပ်ခလစာ ဆုံးရှုံးသွားလို့ဆန္ဒပြနေသော အလုပ်သမများ(ပုံ-နောင်နောင်)

ဦးမောင်မောင်ကတော့ “ငွေကြေးထောက်ပံ့မှုနဲ့ ပတ်သက်ပြီး ရန်ကုန်မှာရှိတဲ့ သူတွေ အတွက် Wave Money အသုံးပြုရတာ အခက်အခဲ မရှိနိုင်ပေမယ့် နယ်ပြန်သွားတဲ့ သူတွေအတွက် သူတို့ နေထိုင်တဲ့ ကျေးရွာတွေမှာ အသုံးပြုလို့ ရနိုင်/မနိုင် အပေါ် ထည့်စဉ်းစားဖို့ အကြံပြုဖို့ရှိပါတယ်။" ဟု ဆိုသည်။

" ဥရောပသမဂ္ဂ (EU) ဘက်က တွက်ချက်မှုအရ ပုဂ္ဂလိက အထည်ချုပ် လုပ် ငန်းနဲ့ ဆက်နွယ်နေတဲ့ CMP ၊ Garment & Textile နဲ့ SMEs  စတဲ့ လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားက ၅ သိန်းနဲ့ ၆ သိန်းကြား ရှိနေတဲ့အပေါ် ပံ့ပိုးပေး သွားဖို့ ရှိတယ်လို့ သိရတယ်။ ဒါပေမယ့် လက်ရှိလုပ်နေတဲ့ လုပ်ခလစာ အတိုင်း ရရှိမှာ မဟုတ်ဘဲ အလုပ်သမားသမဂ္ဂ တွေ ဘက်ကနေ တင်ပြတဲ့ အချက်အလက်တွေ ရယ်၊ EU ဘက်မှာရှိတဲ့ အချက်အလက်တွေ အပေါ်မှာ ပံ့ပိုးကူညီပေးဖို့ ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်” ဟု သူက  ပြောသည်။

ဥရောပသမဂ္ဂ အနေဖြင့် မြန်ကူ (Myan Ku) အရေးပေါ် ငွေသားရန်ပုံငွေအဖြစ် ယူရို ၅ သန်းအား United Nations Office for Project Services (UNOPS) မှ စီမံခန့်ခွဲသည့် လူသားချင်း စာနာမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု Peace Nexus Response Mechanism (NRM) မှ တဆင့် ရယူခြင်း ဖြစ်သည်။
 
ထို့နောက် ခန့်မှန်းခြေ အမျိုးသမီး လုပ်သားပေါင်း ၇၀၀၀၀၀ (ခုနစ်သိန်း)ခန့်ဖြင့် လည်ပတ် လုပ်ကိုင် လျက်ရှိသည့် မြန်မာ့ အထည်ချုပ် လုပ်ငန်းကဏ္ဍတွင် လက်ရှိတွင် လုပ်သားထက်ဝက်ခန့်မှာ  လစာမဲ့ ဆိုင်းငံ့ခံရခြင်းနှင့် အလုပ်အကိုင်များကို ရပ်စဲခံရခြင်း စသည့် ထိခိုက်နစ်နာမှုများ ကြုံတွေ့လျက်ရှိနေသည်။

မတ်လ နှောင်းပိုင်းတွင်ပင် စက်ရုံပေါင်း ၄၀ ကျော်မှ အလုပ်သမား ပေါင်း ၂၅၀၀၀ ခန့် အလုပ်လက်မဲ့ဖြစ်ခဲ့သည်။

 မြန်ကူ (Myan Ku) အရေးပေါ် ရန်ပုံငွေတွင် ပံ့ပိုးကူညီမှုရရှိမည့် သူများကို အလုပ်သမားသမဂ္ဂများ၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများနှင့် တိုင်ပင် ဆွေးနွေးမှုများမှ တဆင့် စိစစ် ရွေးချယ်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုမြန်ကူ (Myan Ku) စီမံကိန်းအဖွဲ့တွင် အစိုးရမှ တာဝန်ရှိသူများ၊ လူထု မိတ်ဖက် လုပ်ငန်းများနှင့် လုပ်ငန်းကိုယ်စားပြု ထုတ်ကုန် တံဆိပ်များ ပါဝင်ပြီး မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း (MGMA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ် သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) တို့နှင့် ပူးတွဲ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly