တာမွေမှာ လူတစ်ဦးလဲကျ ကယ်ဆယ်သူ နှစ်ဦးကို သီးသန့်ခွဲခြား စောင့်ကြည့်နေ

တာမွေမှာ လူတစ်ဦးလဲကျ ကယ်ဆယ်သူ နှစ်ဦးကို သီးသန့်ခွဲခြား စောင့်ကြည့်နေ
ပုံ- တာမွေမှာ အမျိုးသားတစ်ဦး လဲကျသွားတာကို ကယ်ဆယ်နေစဉ်(ပုံ- နေဝင်းစိုး ထာဝရအလင်းတန်း)

ရန်ကုန်၊ ဧပြီ ၉

ဧပြီ ၉ ရက်နေ့ နံနက် ၉ နာရီခွဲခန့်က ရန်ကုန်တိုင်းဒေသကြီး၊တာမွေဗလီ လမ်းဆုံ မီးပွိုင့်တွင် လဲကျခဲ့သူမှာ ကိုရိုနာ ဗိုင်းရပ်စ် သံသယလူနာ ဖြစ်လာနိုင်ဖွယ် ရှိခြင်းကြောင့် ကူညီကယ်ဆယ်ခဲ့သူ နှစ်ဦးကို သီးသန့်ခွဲခြား စောင့်ကြည့်လျက် ရှိကြောင်း သိရသည်။

ထိုသူမှာ အသက် အလယ်လတ်ပိုင်း အမျိုးသားဖြစ်ပြီး အဖျား ၁၀၆ အထိ ရှိနေပြီး မောပန်းနေသည့် လက္ခာလည်း ရှိခြင်းကြောင့် ကယ်ဆယ်ခဲ့သူ နှစ်ဦးကို ထိုသို့ စောင့်ကြည့်ရခြင်း ဖြစ်သည်ဟု လူမှုကူညီကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်) ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက မဇ္ဈိမသို့ ပြောသည်။

“ဟိုမှာလည်း အဖျား ၁၀၆ ဖြစ်နေတယ်ဆိုတော့ ဒီနေ့ညမှ စစ်လို့ရှိရင်တော့ မနက်ဖြန် ဘာဖြစ်မလဲမသိဘူး။ ဒါပေမယ့် လည်း လောလောဆယ်တော့ သွားကောက်တဲ့ နှစ်ယောက်ကို သီးသန့် အခန်း ထားထားပါတယ်ခင်ဗျ” ၎င်းက ပြောသည်။

သို့သော် တာမွေဗလီ လမ်းဆုံ မီးပွိုင့်တွင် လဲကျသွားသည်ဆိုသော အမျိုးသားသည် ကယ်ဆယ်ရေး အဖွဲ့မလာခင်မှာ ဒရင်းဘတ်ပေါ်မှာ အိပ်နေသည့် အနေအထားမျိုး ဖြစ်နေသည်ကို တွေ့ရသည်။

ထို့ကြောင့် ထိုအမျိုးသားသည် အနီးအနားရှိ နေအိမ်များကလည်း သို့မဟုတ် အနီးအနားရှိ နေအိမ်များက ပြည်သူများမှ လဲကျသွားစဉ်အခါမှာ ဒရင်းဘတ်ပေါ်သို့ ပြောင်းရွေ့တင်ထားခြင်းလာဆိုတာကို မသိရသေးပေ။
လဲကျသွားသော အမျိုးသားကို သွားရောက် သယ်ယူခဲ့သည့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်)ကတော့ ၎င်းတို့ ရောက်ရှိသည့်အခါမှာ လဲကျနေသူမှာ ဒရင်းဘတ်ပေါ်တွင် ရောက်ရှိနေကြောင်း၊ မည်သူက ဒရင်းဘတ်ပေါ်မှာ တင် ထားသည်ကိုတော့ မသိရှိရကြောင်း မဇ္ဈိမသို့ ပြောသည်။

လဲကျသူကို သွားရောက် ကူညီစဉ် PPE ဝတ်စုံပြည့် အသုံးပြုခဲ့သည့်အပြင် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ပြီးနောက် ပစ္စည်းများကိုလည်း သေချာထုတ်ပိုး သိမ်းဆည်းထားကြောင်း၊ လဲကျသူကို ကူညီခဲ့သူ နှစ်ဦးမှာ ၁၄ ရက် စောင့်ကြည့် အဖြစ် နေထိုင်သွားမည်ဖြစ်ကြောင်း ကိုယ်တိုင် ပါဝင်ကူညီခဲ့သူများက ဆိုသည်။

ကိုယ်တိုင်ကယ်ဆယ်ခဲ့သူ ကိုနေဝင်းစိုးက “Special Rescue Team မှာ ဒီလိုမျိုး လူနာတစ်ယောက်၊ ရောဂါပိုးရှိတဲ့သူ တစ်ယောက်ကို သယ်ပြီးရင် ၁၄ ရက် ကျွန်တော်တို့ ထိန်းသိမ်း ခံရမယ်ဆိုတာလည်း အစောကြီးထဲက လက်မှတ် ထိုးထား တဲ့အတွက် အဲ့အတွက် စိုးရိမ်စိတ်၊ ဝမ်းနည်းမှု မရှိပါဘူး” ဟု ပြောသည်။

ထို့ကြောင့် ရောဂါ ဖြစ်နေသည်ဟု မိမိကိုယ်ကိုယ် မသင်္ကာပါက အိမ်ထဲမှာပဲ နေပေးရန်နှင့် အနီးစပ်ဆုံး ဆေးရုံဆေးခန်း သွားပြ ကြရန်လည်း ၎င်းက တိုက်တွန်း ပြောဆိုလိုက်သည်။

လူမှုကူညီကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်)ကို COVID-19 ဂယက်နှင့်ပတ်သက်ပြီး အရေးပေါ် အသုံးပြုနိုင်ရန် ဧပြီ ၉ ရက်က  တာမွေမြို့နယ် အ.ထ.က (၁)၌ စတင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ပရဟိတအဖွဲ့ဝင် ၅၀ ခန့်နှင့် အရေးပေါ်ကား ၁၀ စီးခန့် ပါဝင် သည်။

လက်ရှိတွင် အစိုးရမှ ထောက်ပံ့ ပေးထားသော်လည်း အဖွဲ့ဝင်များ အသုံးပြုရန်အတွက် Mask များ၊ PPE ဝတ်စုံများနှင့် ပရဟိတ အဖွဲ့ဝင်များ၏ စားသောက်ရေးအတွက် ငွေကြေး စသည့် အခြေအနေများ လိုအပ်နေသေးကြောင်း သိရသည်။

အရေးပေါ် ကိစ္စရပ်များအတွက် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့(ရန်ကုန်)သို့ ဆက်သွယ်နိုင်ရန်နှင့် ပါဝင်ကူညီ လှူဒါန်း ပေးလိုပါက ၀၉-၄၀၆၃၀၀၁၀၀ နှင့် ၀၉-၄၀၆၃၀၀၈၀၀ သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required