ရန်ကုန်မှာ သင်္ကြန်မိုးစရွာပြီ

ရန်ကုန်မှာ သင်္ကြန်မိုးစရွာပြီ

ဧပြီ ၉ 

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်တွင် ဧပြီ ၉ရက် ညနေပိုင်းက ၁၅ မိနစ်ခန့် မိုးရွာသွန်းခဲ့သည်။

နွေရာသီ ဧပြီလအစတွင် ပထမဆုံးအကြိမ်ရွာသွန်းခြင်းဖြစ်သည်။

“အချိန်အခါမဟုတ်မိုးရွာမယ့် အသိပေးချက်က အထက်ပိုင်းတွေမှာ ထုတ်ထားတယ်။ ရန်ကုန်ကတော့ အီကွေတာကလာတဲ့ လေနုအေးလေးတွေက ကပ္ပလီပင်လယ်က တစ်ဆင့် မြစ်ဝကျွန်းပေါ်ဒေသတွေကို တိုးဝင်ပြီး လေပွေလှိုင်းဖြစ်ပြီး မိုးအနည်းငယ်ရွာသွားတာဖြစ်ပါတယ်” ဟု မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။

မြန်မာအယူအဆအရပြောလျှင် သင်္ကြန်မိုးဖြစ်ကြောင်း နှင့်  စိုးရိမ်ရမည့် ရာသီဥတုဖောက်ပြန်မှုအခြေအနေမရှိကြောင်းဦးကျော်မိုးဦးကဆိုသည်။

သည်ကနေ့ညနေ ၃း၃၀ ဝန်းကျင်က မြောက်ဥက္ကလာပမြို့နယ်အတွင်းမိုးရွာသွန်းမှုမှာ အစပိုင်းမှာတော့ အနည်းငယ်သာရွာသွန်းပြီး ၁၀မိနစ်ကျော်ရွာသွန်းပြီးချိန်မှာတော့ အနည်းငယ်သည်းထန်လာပြီး အချိန် ၁၅ မိနစ်ခန့် ရွာသွန်းခဲ့ကြောင်း ယင်းမြို့နယ်တွင်နေထိုင်သူကိုဝင်းလှိုင်ကဆိုသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ဧပြီ ၉ရက်နေ့ ညနေ၄နာရီ ထုတ်ပြန်ချက်အရ ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့်ဖြစ်ထွန်းနေပြီး နောက်တစ်နေ့မနက်အထိ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး ၊ပဲခူးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်၊ရှမ်း၊ ချင်းနှင့်ရခိုင်ပြည်နယ်တို့တွင် မိုးကွက်ကျားနှင့် ထစ်ချုန်း ရွာနိုင်ကာ ရွာရန်ရွာနှုန်း ၆၀ရာခိုင်နှုန်းရှိကြောင်း သိရသည်။

နောက်နှစ်ရက်အထိခန့်မှန်းချက်တွင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်၊ ရှမ်း၊ ချင်းနှင့် ရခိုင်ပြည်နယ်တို့တွင် မိုးဆက်လက်ရွာနိုင်ကြောင်း ခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required