စစ်ကိုင်းတိုင်း COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီကို ထပ်မံဖွဲ့စည်း

စစ်ကိုင်းတိုင်း COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီကို ထပ်မံဖွဲ့စည်း

ဧပြီ ၉

စစ်ကိုင်းတိုင်းဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင် ဥက္ကဋ္ဌအဖြစ် ပါဝင်သော COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကို ဧပြီ ၈ရက်ကဖွဲ့စည်းလိုက်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး၊ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်က ပြောသည်။

“ထိန်းချုပ်ရေးကော်မတီတစ်ခုပြန်ဖွဲ့တယ်။ ဒုသမ္မတဦးဆောင်တဲ့ ကော်မတီလိုပဲ။ ဒီမှာနဂိုတုန်းက လူမှုရေးဝန်ကြီးရဲ့ကော်မတီကို ပယ်ဖျက်ပြီးတော့ ဝန်ကြီးချုပ်ဦးဆောင်ပြီး ပြန်ဖွဲ့လိုက်တာ။ အစိုးရအဖွဲ့ဝန်ကြီးတွေ အပါအဝင်ပြန်ဖွဲ့လိုက်ပါတယ်။” ဟု ဦးမြင့်ကြည်က ပြောသည်။

ယခင်က လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်း ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် စစ်ကိုင်းတိုင်းဒေသကြီး COVID-19 ကာကွယ်၊ ထိန်းချုပ် ကုသရေးကော်မတီကို ဖျက်သိမ်းခဲ့ပြီး ယခုကော်မတီကို အသစ် ပြန်လည် ဖွဲ့စည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ဒါက အဆင့်ပြန်မြှင့်လိုက်တာ။ စောစောကကာကွယ်ရေးနှင့် ကုသရေးအပိုင်းလောက်ပဲ။ အခုကတော့ တန်ပြန်ပြီးကုသရေးတွေပါပါလာတယ်။ ရိက္ခာသယ်ယူရေးနဲ့ ပို့တာတွေပါပါလာတယ်။ ပြန်ပြီးအဆင့်မြှင့်လိုက်တဲ့သဘောပါ။ အဲဒီကနေကော်မတီလေးတွေထပ်ခွဲပြီးဖွဲ့ထားသေးတယ်။” ဟု ဦးမြင့်ကြည်က ပြောသည်။

အဆိုပါကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်၊ အတွင်းရေးမှူးအဖြစ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်က တာဝန်ယူပြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အနောက်မြောက် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ တိုင်းရဲတပ်ဖွဲ့မှူး၊ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးတို့က အဖွဲ့ဝင်များအဖြစ် ပါဝင်ကြောင်းသိရသည်။

ကော်မတီ၏အဓိကတာဝန်မှာ ပြည်ထောင်စုအစိုးရက ချမှတ်ထားသည့် လုပ်ငန်းတာဝန်များ၊ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းများနှင့် နယ်မြေလုံခြုံရေးလုပ်ငန်းများနှင့် အရေးပေါ်လိုအပ်ချက်များကို ဆောင်ရွက်မည်ဖြစ် ကြောင်း သိရသည်။

ကော်မတီအနေဖြင့် ပြည်သူများကို ခရီးသွားလာခွင့် ကန့်သတ်သည့်ပုံစံများပြုလုပ်မည်မဟုတ်ဘဲ အခက်အခဲများဖြေရှင်းပေးရန် ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ဦးမြင့်ကြည်က ပြောသည်။

“ပြည်သူတွေကို မထိန်းချုပ်ပါဘူး။ ပြည်သူတွေအခက်အခဲဖြစ်နေတဲ့ဟာတွေကိုပြေလည်အောင် အဆင်ပြေအောင်ပဲသွားမှာ။ ခုနကပြောတဲ့ ဝင်ငွေနည်းတဲ့ပြည်သူတွေကို နိုင်ငံတော်ကနေထောက်ပံ့ပေးမယ်။ စစ်ကိုင်းတိုင်းက တစ်ချို့ရွာတွေဆိုရင်နိုင်ငံတော်က အထောက်အပံ့ပေးမယ့်ကိစ္စတွေကို ပြန်ပြီးလှူတာလေးတွေပေါ်လာတယ်။ အဲဒါလေးတွေကလည်းကောင်းပါတယ်။” ဟု ဦးမြင့်ကြည်က ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ဧပြီ၅ရက်က ၁၅ရက်ကြာ ခရီးသွားလာခွင့်နှင့် အပြင်ထွက်ခွင့်ကိုကန့်သတ်သည့် တားမြစ်မိန့်ကို ထုတ်ပြန်ခဲ့ပေမယ့် ဒေသခံတွေအခက်အခဲဖြစ်ရတာကြောင့် ဧပြီ ၇ ရက်နေ့တွင်ပြန်လည်ရုတ် သိမ်းခဲ့ရသည်။

ဧပြီ ၇ရက်မှ ၂၁ရက်အထိ ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်၊ရေယာဉ်များ၊ ဟိုတယ်၊တည်းခိုခန်းများ၊ ကစားကွင်း၊ ပန်းခြံများယာယီပိတ်ထားရန်နှင့် ကျန်းမာရေးနှင့်နာရေးကိစ္စမှ လွဲ၍ အခြားတိုင်းနှင့်ပြည်နယ်များသို့မ သွားရန်နှင့်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကို တိကျစွာ လိုက်နာမှုမရှိပါက အရေးယူမည်ဖြစ်ကြောင်း ဖော်ပြထားသည့်တားမြစ်မိန့်ကို ပယ်ဖျက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ခရီးသွားလာမှုကန့်သတ်ရန်မရှိတော့ကြောင်း ၎င်းက ထပ်မံပြောသည်။

“စစ်ကိုင်းတိုင်းကတော့ ထပ်ထုတ်ဖို့ မရှိပါဘူး။ အားလုံးလွတ်လွတ်လပ်လပ်သွားလို့ရပါတယ်။ ပထမတုန်းကတော့ရောဂါအခြေအနေက တိုးလာတော့ တခြားရန်ကုန်၊ မန္တလေးတွေကလည်း ထုတ်ပြန်တာတွေရှိတော့ ထုတ်တဲ့ သဘောပါ။ ဒါပေမယ့်အခြေအနေမှာရောဂါတိုးလာတာလည်း နည်းလာတာရော ပြည်သူတွေသွားလာရမခက်ခဲအောင် ကန့်သတ်ထားတာကိုပြန်ပယ်ဖျက်လိုက်တာပါ။” ဟုပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိမြို့နယ်များတွင် ခရီးသွားလာခွင့်နှင့်ပက်သက်ပြီး ဒေသန္တရ အမိန့်အမျိုးမျိူးထုတ်ကာ COVID-19 ရောဂါကိုထိန်းချုပ်နိုင်ရန်ကြိုးပမ်းခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly