သီပေါမြို့နယ် ကုံးမုံကျေးရွာတွင် လူ ၅ ဦး အသတ်ခံရ

သီပေါမြို့နယ် ကုံးမုံကျေးရွာတွင် လူ ၅ ဦး အသတ်ခံရ
ပုံ - သေနတ်ဖြင့် ပစ်သတ်ခံရသော အလောင်းများကို သယ်နေကြ(ပုံ- နယ်စည်းမခြားပရဟိတအဖွဲ့(သီပေါ)

ရန်ကုန်၊ ဧပြီ ၉

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့ရှိ ကုံးမုံကျေးရွာတွင် လူ ငါး ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသော်လည်း မည်သည့် အကြောင်းကိစ္စကြောင့် ဖြစ်သည်ကို မသိရသေးကြောင်း သီပေါမဲဆန္ဒနယ်အမှတ် (၂)မှ ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းခမ်းအောင်က မဇ္ဈိမသို့ ပြောသည်။

ဧပြီလ ၉ ရက်နေ့က ကုံးမုံကျေးရွာအနီး ပြည်ထောင်စုလမ်းမ၏ အတွင်းဘက် ခြောက်မိုင်အကွာမှာ အမျိုးသား နှစ်ဦး၊ အမျိုးသမီး နှစ်ဦး၊ အသက် ၁၂ နှစ်အရွယ် ကလေး တစ်ဦးတို့ သေနတ် ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တွေ့ရှိခဲ့ရပြီး အလောင်းများကို နယ်စည်း မခြားပရဟိတအဖွဲ့(သီပေါ)က လူနာတင်ကားများဖြင့် သယ်ဆောင်သွားကြောင်း သိရသည်။

လွှတ်တော်အမတ် ဦးစိုင်းခမ်းအောင်က “ ဘယ်လို ဖြစ်တယ်ဆိုတာကိုတော့ မသိရဘူးဗျ။ ဖြစ်တာတော့ အမှန်ဖြစ်ပါတယ်။ အဲ့နားက သီပေါနဲ့လားရှိုး အစပ်နား ရောက်သွားတာပေါ့ဗျာ၊ မကြာခဏ ဖြစ်လေ့ဖြစ်ထတော့ ရှိပါတယ်”ဟု ပြောသည်။

ပုံ - သေနတ်ဖြင့် ပစ်သတ်ခံရသော အလောင်းများကို သယ်နေကြ(ပုံ- နယ်စည်းမခြားပရဟိတအဖွဲ့(သီပေါ)

သေဆုံးသူများမှာ မိသားစု တော်စပ်သည် ဟုတ်/မဟုတ် မသိရှိရသေးသည့်အပြင် ကုံးမုံကျေးရွာက ဒေသခံများ မဟုတ် ကြောင်း အလောင်းများကို သယ်ခဲ့ရသော သီပေါမြို့က နယ်စည်းမခြားပရဟိတအဖွဲ့(သီပေါ)မှ ကိုမျိုးက ပြောသည်။

“အဲ့ဒါတော့ အတိအကျ မသိသေးဘူး။ ကုံးမုံရွာသားတွေလည်း မဟုတ်ဘူးကြားတယ်။ သူတို့ စိစစ်နေဆဲပေါ့နော်။ မိသားစု ဝင် ငါး ဦး ဆိုပေမယ့် အရင်းလား ဘာလား မသိရဘူး။ နေရပ်က ဘယ်ကလည်း ဆိုတာလည်း မသိရဘူး” ဟု ၎င်းက ပြောသည်။

သီပေါမြို့နယ်၊ ကုံးမုကျေးရွာအနီးမှာ မူးယစ်ဆေး ရောင်းဝယ်သူနှင့် သုံးစွဲသူ အများအပြားရှိပြီး ယခုလို လူသတ်မှုများ မကြာခဏ ဖြစ်လေ့ဖြစ်ထ ရှိကြောင်း ဒေသတွင်း လူမှုရေးအဖွဲ့အစည်းများနှင့်လွှတ်တော်ကိုယ်စားလှယ်တို့က ပြောသည်။

ယခင်က ထိုနယ်မြေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လာရောက် နှိမ်နင်းမှုများ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ နှိမ်နင်းခဲ့ခြင်း မရှိကြောင်း  သီပေါမဲဆန္ဒနယ်အမှတ်(၂)မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းခမ်းအောင်က မဇ္ဈိမကို ပြောသည်။

 

ပုံ - သေနတ်ဖြင့် ပစ်သတ်ခံရသော အလောင်းများကို သယ်နေကြ(ပုံ- နယ်စည်းမခြားပရဟိတအဖွဲ့(သီပေါ)

“အရင်တုန်းကတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရှင်းလင်းပါတယ်။ ဒါပေမယ့် အမြဲတမ်းတော့ မသွားနိုင်ဘူးပေါ့နော်။ မြို့နဲ့ လည်း အလှမ်းဝေးတယ်။ အခုချိန်မှာတော့ ထပ်မံ နှိမ်နင်းခြင်း မရှိဘူး”ဟု ၎င်းက ပြောသည်။

လက်ရှိမှာတော့ ထိုသေဆုံးသူများကို သီပေါဆေးရုံရှိ ရင်ကွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

အထက်ပါ လူသေဆုံးမှုနှင့် ပတ်သက်ပြီး သီပေါရဲစခန်းသို့ မဇ္ဈိမက ဆက်သွယ် မေးမြန်းသော်လည်း ဖြေကြားခြင်းမရှိကြ ပေ။

အဆိုပါ လူသတ်မှု ဖြစ်ပွားသည့် ဒေသတွင် ယခု တစ်ကြိမ်နှင့်ဆိုလျှင် လေးကြိမ်ရှိပြီး ဖြစ်ကြောင်း နယ်စည်းမခြား ပရဟိတအဖွဲ့(သီပေါ)မှ ကိုမျိုးက ပြောသည်။

သီပေါမြို့နယ်၊ ကုံးမုံကျေးရွာအနီးမှာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက် အမျိုးသား နှစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရဖူးသလို ဇန်နဝါရီ ၂၄ ရက်တွင်လည်း အမျိုးသား နှစ်ဦးနှင့် အမျိုးသမီး တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရဖူးသည်။

အလားတူ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်က အမျိုးသား သုံးဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်။ ယခု ၂၀၂၀ ခုနှစ်၊ ဧပြီ ၉ ရက်တွင် အမျိုးသား နှစ်ဦး၊ အမျိုးသမီး နှစ်ဦး၊ ကလေးငယ် တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည်မှာ လေးကြိမ် မြောက် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly