COVID-19 တိုက်ဖျက်ရေးKBZMS နှင့်KBZ Life တို့ကကျပ်သိန်း ၅၀၀၀ လှူဒါန်း

ရန်ကုန်၊ဧပြီ ၉ 

COVID-19 ရောဂါ တိုက်ဖျက်ရေးနှင့် အသိပညာပေးခြင်းတို့အတွက် ကမ္ဘောဇဘဏ်ကုမ္ပဏီ၏ အစုအဖွဲ့ ဖြစ်သည့် KBZ MS နှင့် KBZ Life အာမခံလုပ်ငန်းများမှ အစိုးရထံ ငွေကျပ် သိန်း ၅၀၀၀ လှူဒါန်းခဲ့ကြောင်း သိရသည်။

KBZ MS နှင့်KBZ Life တို့၏ဒုတိယဥက္ကဋ္ဌ ဖြစ်သူ ဦးညိုမြင့်က “အာမခံကုမ္ပဏီများအနေဖြင့် ယခုလို ကမ္ဘာ့ကပ်ရောဂါ COVID-19 ကို ရင်ဆိုင်နေရတဲ့ အခြေအနေမှာ ပိုမိုတိုးမြှင့်ပြီး အကူအညီပေးဖို့ လိုအပ်လာပါတယ်။ ဒါကြောင့် ငွေကြေးနှင့် ပစ္စည်း အထောက်အပံ့များ လှူဒါန်းခြင်းအပြင် ရောဂါပြန့်ပွားမှု ထိန်းချုပ်ကာကွယ်တဲ့ နေရာတွေမှာ သတင်း အချက် အလက်တွေ ဖြန့်ဝေပေး နိုင်ဖို့အတွက် Billboard များဖြင့် ကျန်းမာရေး အသိပညာပေး ဆောင်ရွက်မှုများ အပါအဝင် လူမှု ဆက်သွယ်ရေး လုပ်ဆောင်ချက်များကို ပိုမိုကျယ်ပြန့်စွာ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့တာ ဖြစ်ကြောင်း” ပြောသည်။

ပုံ - -COVID-19တိုက်ဖျက်ရေး KBZMS နှင့်KBZ Life တို့ကအစိုးရထံ ငွေကြေးထောက်ပံ့

မြန်မာနိုင်ငံလုံးဆိုင်ရာ COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းစဉ်များအတွက် ငွေကျပ် သိန်း ၁၀၀၀ ကျော် တန်ဖိုးရှိ အသက်ရှူစက်များ၊ PPE ဝတ်စုံများ၊ Masks များနှင့် မျက်မှန်များကို မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံ၊ ရန်ကုန် ဆေးရုံကြီး၊ ရန်ကုန်ဆေးရုံသစ်ကြီး၊ တောင်ဥက္ကလာ မိခင်နှင့်ကလေးဆေးရုံ၊ သင်္ဃန်းကျွန်း စံပြဆေးရုံနှင့် အင်းစိန်ဆေးရုံ ကြီးတို့တွင် သွားရောက် လှူဒါန်းခဲ့သည်။ 

ထို့အပြင် KBZ MS နှင့်KBZ Life တို့သည်Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီသို့လည်း ကမ္ဘောဇဘဏ်နှင့်ပူးပေါင်း၍ ငွေကျပ် သိန်း ၁၀၀၀ ကို ရန်ပုံငွေအဖြစ် ပါဝင် လှူဒါန်းခဲ့ ကြောင်း ဧပြီ ၉ ရက်တွင် ၎င်းတို့က ထုတ်ပြန်ခဲ့သည်။

အလားတူ COVID-19 အသိပညာပေး ဆောင်ရွက်မှုများကို ပြည်သူများ ပိုမိုထင်ရှား လွယ်ကူစွာ သိရှိနိုင်ရန်နှင့် ပြည်သူ တစ်ဦးခြင်းမှ လိုက်နာဆောင်ရွက်မှု ပိုမိုထိရောက် စေရန်အတွက် နိုင်ငံအနှံ့ အပြားရှိ မြို့ကြီး ၁၀ မြို့တွင် ကြော်ငြာ Billboard ကြီးများကို ကျပ်သိန်း ၂၈၀၀ ကုန်ကျခံ အသုံးပြုထားကြောင်း၊ မြန်မာ့ရိုးရာ ဝတ်စား ဆင်ယဉ်ထားသော ကာတွန်း ဇာတ်ကောင်များကို အသုံးပြုကာ ပုံဖော်ရေးဆွဲထားသည့် လက်ဆေးခြင်း၊ လူချဲနေခြင်းနှင့် တခြားသော ကာကွယ်ရေး နည်းလမ်းများကို လူမှု ကွန်ရက် စာမျက်နှာပေါ်မှတဆင့် အများပြည်သူထံသို့ ပညာပေးရာ ကျပ်သိန်း ၂၀၀ ကုန်ကျခဲ့ကြောင်း သိရသည်။

ထို့ကြောင့်KBZ MS နှင့်KBZ Life တို့မှမြန်မာနိုင်ငံလုံးဆိုင်ရာ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်  ကျန်းမာရေး အသိပညာပေး ဆောင်ရွက်မှုများအတွက် စုစုပေါင်း ငွေကျပ်သိန်း ၅၀၀၀ ပေးအပ်လှူဒါန်းပြီးဖြစ်ကြောင်းKBZ MS နှင့်KBZ Life တို့၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ဧပြီ ၈ ရက်နေ့အထိ COVID-19 ရောဂါ အတည်ပြုလူနာ ၂၂ ဦးရှိပြီး သံသယနှင့်စောင့်ကြည့် လူနာ ၈၀၀ ကျော်ရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ထို COVID-19 ရောဂါ အတည်ပြုလူနာ ၂၂ ဦးအနက် မတ်လ ၃၁ ရက်က တစ်ဦးနှင့် ဧပြီ ၈ နှစ်ဦး စုစုပေါင်း သုံးဦး သေဆုံးသွားခဲ့သည်။

KBZ MS သည်KBZ အာမခံ ကုမ္ပဏီလီမိတက်အမည်ဖြင့် ကမ္ဘောဇကုမ္ပဏီအုပ်စု၏ တစ်စိတ်တစ်ပိုင်းဖြစ်သော IKBZ ကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလမှာ စတင် တည်ထောင်ခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် IKBZ အာမခံသည် ဂျပန် အာမခံလုပ်ငန်းကြီးဖြစ်သည့် MSI နှင့်အတူ အကျိုးတူ လုပ်ငန်းပူးပေါင်းခဲ့ပြီး KBZ MS အထွေထွေအာမခံဟူသည့် နာမည် အသစ်ဖြင့် စတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါအာမခံ လုပ်ငန်းများကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီး၊ ပြည်၊ ပုသိမ်၊ စစ်တွေ၊ မကွေး၊ မိတ္ထီလာ၊ ပခုက္ကူ၊ မုံရွာ၊ ကလေး၊ မြစ်ကြီးနား၊ လားရှိုး၊ ပဲခူး၊ မော်လမြိုင်၊ မြိတ်၊ မြင်းခြံနှင့် တာချီလိတ် စသည့် မြို့နယ်များမှာ ရုံးခွဲများ ဖွင့်လှစ်ထားပြီး စုစုပေါင်း ရုံးခွဲပေါင်း (၂၁) ခုနှင့်အတူ မြို့ပေါင်း (၁၉)မြို့တွင် တည်ရှိကာ ဝန်ဆောင်မှု ပေးလျက်ရှိပါ သည်။

၎င်းတို့၏အာမခံ အမျိုးအစားများသည် မော်တော်ယာဉ် အာမခံမှစ၍ ပိုင်ဆိုင်မှု၊ မီးအာမခံ၊ ကုန်စည် အာမခံနှင့် ကျန်းမာ ရေး အာမခံအထိ အထွေထွေ အာမခံ လိုအပ်ချက်များကို တစ်ဦးချင်းအတွက် သာမက စုပေါင်းအတွက်ပါ အပြည့်အဝ ကာကွယ်မှု ပေးထားကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags