ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းက လူ သန်း ၅၀၀ ခန့်ကို ဆင်းရဲတွင်းသို့ ရောက်ရှိစေနိုင်ဟု Oxfam အဖွဲ့ပြော

ကိုရိုနာဗိုင်းရပ်စ်အကျပ်အတည်းက လူ သန်း ၅၀၀ ခန့်ကို ဆင်းရဲတွင်းသို့ ရောက်ရှိစေနိုင်ဟု Oxfam အဖွဲ့ပြော

ဧပြီ ၉

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယနေ့အချိန်ထိ အနည်းဆုံး လူပေါင်း ၈၃ ၀၀၀ ကျော်ကို သေဆုံးခဲ့ပြီး ကမ္ဘာအနှံ့ရှိ စီးပွားရေးများကို အကြီးအကျယ် နစ်နာဆုံးရှုံးစေခဲ့ပြီဖြစ်သည်။  ယင်းဗိုင်းရပ်စ်ပျံ့နှံ့မှု၏ ဆိုးကျိုးကြောင့် လူပေါင်း သန်း ၅၀၀ ခန့် ဆင်းရဲတွင်းသို့ ရောက်ရှိသွားနိုင်သည်ဟု နိုင်ငံတကာ ပရဟိတအဖွဲ့အစည်းကြီးတစ်ခုဖြစ်သည့် Oxfam က ယနေ့တွင် ပြောလိုက်သည်။

လာမည့်ရက်သတ္တပတ်၌ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) / ကမ္ဘာ့ဘဏ် (World Bank) ၏ နှစ်ပတ်လည်အစည်းအဝေးမတိုင်မီ နိုင်ရိုဘီအခြေစိုက် ပရဟိတအဖွဲ့ Oxfam က ထုတ်ပြန်သည့် အစီရင်ခံစာ၌ အိမ်ထောင်စု ဝင်ငွေ သို့မဟုတ် စားသုံးမှုကျဆင်းခြင်းကြောင့် ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲမွဲတေမှု၏ သက်ရောက်ပုံကို တွက်ချက်ဖော်ပြထားသည်။

လျင်မြန်စွာဖြစ်ပေါ်လာသော စီးပွားရေးအကျပ်အတည်းသည် ၂၀၀၈ ခုနှစ် ကမ္ဘာ့လုံးဆိုင်ရာ ဘဏ္ဍာရေးအကျပ်အတည်းထက် ပိုမိုနက်ရှိုင်းကြောင်း၊ ခန့်မှန်းတွက်ချက်မှုများအရ ကမ္ဘာလုံးဆိုင်ရာဆင်းရဲနွမ်းပါးမှုသည် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဖြစ်ပေါ်လာနိုင်ကြောင်းနှင့် လွန်ခဲ့သော နှစ်သုံးဆယ်ခန့်က အချို့နိုင်ငံများတွင် တွေ့ရှိခဲ့ရသည့် ဆင်းရဲနွမ်းပါးမှုအဆင့်သို့ပြ န်လည်ရောက်ရှိသွားနိုင်ကြောင်း  အစီရင်ခံစာ၌ ဖော်ပြထားသည်။

အစီရင်ခံစာရေးသားသူများသည် တစ်နေ့ဝင်ငွေ အမေရိကန်ဒေါ်လာ ၁.၉၀ အောက်ဖြင့် ရပ်တည်ရသော အလွန်အမင်းဆင်းရဲနွမ်းပါးမှုမှ ဒေါ်လာ ၅.၅၀ အောက်ဖြင့် ရပ်တည်ရသည့် အဆင့်အထိ ကမ္ဘာ့ဘဏ်၏ ဆင်းရဲနွမ်းပါးမှု သတ်မှတ်ချက်များကို ထည့်သွင်းစဉ်းစားကာ ခန့်မှန်းမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဝင်ငွေ ၂၀% ကျဆင်း လာပါက ကမ္ဘာတစ်ဝန်းရှိ အလွန်အမင်းဆင်းရဲနွမ်းပါးမှုအဆင့်တွင်ရှိသော လူ ဦး ရေ ၄၃၄ သန်းသည်  ၉၂၂ သန်းအထိ မြင့်တက်လာမည်ဖြစ်ကာ တစ်နေ့ဝင်ငွေ ဒေါ်လာ ၅.၅၀ အောက်သာရရှိသော လူဦးရေ ၅၄၈ သန်း သည် ၄ ဘီလီယံနီးပါးအထိရှိလာနိုင်သည်ဟု အဆိုးဆုံးအခြေအနေဖြင့် ခန့်မှန်းတွက်ချက်ထားကြသည်။

အမျိုးသမီးများသည် အမျိုးသားများထက် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးခြင်း သို့မဟုတ် လုံးဝမရှိခြင်းနှင့်အတူ အာမခံချက်မရှိသော  စီးပွားရေးများကို ပိုမိုလုပ်ကိုင်နိုင်သောကြောင့် အန္တရာယ်ပိုများသည်။

အဆင်းရဲဆုံးပြည်သူများသည် နေ့စဉ်ရုန်းကန်လှုပ်ရှားနေရသဖြင့် နားချိန်လည်းမရှိ စားနပ်ရိက္ခာများလည်း သိုလှောင်မထားနိုင်ဘဲ အာမခံချက်မရှိသော စီးပွားရေးကဏ္ဍများ၌ လုပ်ကိုင်နေသူ ၂ ဘီလီယံကျော်မှာ နာမကျန်းလစာလည်း မရရှိကြကြောင်း အစီရင်ခံစာတွင် သတိပေးရေးသားထားသည်။

အခြေအနေများပိုမိုဆိုးရွားလာပါက အရှေ့အာရှနှင့်ပစိဖိတ်ဒေသတစ်ခုတည်း၌ပင် လူဦးရေ ၁၁ သန်းခန့် ဆင်းရဲမွဲတေမှုနှင့်ကြုံရနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ပြီးခဲ့သည့်အပတ်က ပြောဆိုခဲ့သည်။

ထိုသို့ ဆိုးကျိုးသက်ရောက်မှုများကို လျှော့ချရန်အတွက် Oxfam သည် အကူအညီလိုအပ်သည့် လူများနှင့်စီးပွားရေးလုပ်ငန်းများသို့ ငွေကြေးထောက်ပံ့မှုများနှင့် အာခံငွေများ ပေးအပ်မည့် အချက် ခြောက် ချက်ပါ စီမံချက်ကို အဆိုပြုထားပြီး ကြွေးမြီများကိုပယ်ဖျက်ရန်၊ IMF မှ ထပ်မံပံ့ပိုးပေးရန်နှင့် အကူအညီများတိုးမြှင့်ပေးရန် တောင်းဆိုခဲ့သည်။ ချမ်းသာကြွယ်ဝမှု၊ အမြတ်အစွန်းနှင့် စွန့်စားရင်းနှီးမြှုပ်နှံထားသော ငွေကြေးဆိုင်ရာ ကုန်ပစ္စည်းများအပေါ် အခွန်ကောက်ခံခြင်းဖြင့် လိုအပ်သည့်ရန်ပုံငွေများကို မြှင့်တင်ပေးနိုင်လိမ့်မည်ဟု Oxfam က ပြောသည်။

COVID-19 ကပ်ရောဂါသည် ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးဆဲနိုင်ငံများကို အကျပ်အတည်းဖြစ်စေခဲ့သောကြောင့်  ပြီးခဲ့သည့် ရက်သတ္တပတ်များက ကြွေးမြီလျှော့ချပေးရန် တောင်းဆိုမှု များပြားလာခဲ့သည်။

ထို့ကြောင့် ကမ္ဘာတစ်ဝှမ်းရှိ အစိုးရများအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများကို ကူညီထောက်ပံ့နိုင်ရေး အနည်းဆုံး အမေရိကန် ဒေါ်လာ ၂.၅ ထရီလီယံ အသင့်ပြင် စုဆောင်းထားရန် လိုအပ်ပေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly