ကျဉ်းကျပ်တဲ့ အဆောင်တွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှာကို စိုးရိမ်ကြောက်လန့်နေရတဲ့ စင်ကာပူရောက် ရွှေ့ပြောင်းအလုပ်သမားများ

ကျဉ်းကျပ်တဲ့ အဆောင်တွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှာကို စိုးရိမ်ကြောက်လန့်နေရတဲ့ စင်ကာပူရောက် ရွှေ့ပြောင်းအလုပ်သမားများ

ဧပြီ ၉

စင်ကာပူရောက် ရွှေ့ပြောင်းအလုပ်သမားတွေဟာ ၎င်းတို့ရဲ့ အဆောင်တွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု များပြားလာတာကြောင့် စိုးရိမ်ပူပန်စွာ နေထိုင်နေရလျက် ရှိပါတယ်။

အဆောင်တွေမှာ ကျဉ်းကျဉ်းကျပ်ကျပ်နဲ့ ညစ်ပေစွာ နေထိုင်ရတဲ့ အခြေအနေကြောင့်လည်း လူခွဲနေဖို့က မဖြစ်နိုင်ဘူးလို့ ရွှေ့ပြောင်းလုပ်သားတွေက ပြောပါတယ်။

ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှု ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရတဲ့ စင်ကာပူနိုင်ငံမှာ ကူးစက်ဖြစ်ပွားမှုပေါင်း ၂၀၀ ကျော်ထက်မနည်း စစ်ဆေးတွေ့ရှိတဲ့ အများစုက အရှေ့တောင်အာရှက ရွှေ့ပြောင်းလုပ်သားတွေ ထောင်ပေါင်းများစွာနေထိုင်ရာ အဆောင်ဝင်းခြံကြီး လေးခုကို အခု သီတင်းပတ်မှာ ရောဂါခြေချုပ်အဖြစ် ထားရှိထားပါတယ်။

အခြား အဆောက်အအုံတွေမှာလည်း ကူးစက်ဖြစ်ပွားမှုတွေ အနည်းအကျဉ်းရှိကြောင်း သိရပါတယ်။

ကူးစက်ဖြစ်ပွားမှု ရှိပေမယ့် အဝင်အထွက်မပိတ်သေးတဲ့ အဆောင်တစ်ခုက ဘင်္ဂလားဒေ့ရှ်ရွှေ့ပြောင်းအလုပ်သမားတစ်ဦးက ဗိုင်းရပ်စ်ကူးစက်မှု ရပ်တန့်အောင် လူခွဲနေထိုင်ဖို့က မဖြစ်နိုင်ဘူးလို့ အေအက်ဖ်ပီကို ပြောပါတယ်။

“အခန်းကျဉ်းလေး တစ်ခန်းထဲမှာ လူ ၁၂ ယောက်လောက် နေရတာဗျာ။ ဘယ်လိုလုပ် လူခွဲနေလို့ ဖြစ်မှာလဲ။”လို့ အမည်မဖော်တဲ့ ၎င်းအလုပ်သမားက အင်္ဂလိပ်လို ပြောပါတယ်။

တစ်ကိုယ်ရည် ပတ်ဝန်းကျင်သန့်ရှင်းရေး စံနှုန်းတွေက နှံချာပြီး အလုပ်သမားတွေဟာလည်း မီးဖိုချောင်နဲ့ ရေချိုးခန်းတွေကို ဘုံသုံးနေကြရတာဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

“ဒီ ကိုရိုနာဗိုင်းရပ်စ်အကြောင်း ကျွန်တော်တို့ သိပါတယ်။ ဘယ်လို ကူးစက်လည်းဆိုတာလည်း သိတယ်။ ခုတိုင်းပဲ ဆက်နေသွားရရင်တော့ ကျွန်တော် တော်တော်လေး စိုးရိမ်မိတယ်။”လို့ ၎င်းက ထပ်လောင်းပြောပါတယ်။

စင်ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူပေါင်း ၁၆၀၀ ကျော် ရှိနေပြီး သေဆုံးသူ ခြောက်ဦးရှိထားရာမှာ အခု ရက်ပိုင်းအတွင်း ကူးစက်ဖြစ်ပွားသူ သိသိသာသာ တိုးလာခဲ့ပြီး ဗုဒ္ဓဟူးနေ့က တစ်နေ့တည်း ၁၄၂ ဦးအထိ ကူးစက်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required