ပေါက်ခေါင်းမှ COVID-19 ကူးစက်ခံရသော ကလေးနှစ်ဦး ဝေဘာဂီဆေးရုံသို့ ရောက်ရှိ

ပေါက်ခေါင်းမှ COVID-19 ကူးစက်ခံရသော ကလေးနှစ်ဦး ဝေဘာဂီဆေးရုံသို့ ရောက်ရှိ

ဧပြီ ၉ ၊ ၂၀၂၀

 COVID-19 ကြောင့် သေဆုံးသွားသည့် လူနာအမှတ် ၁၇နှင့် ဝေဘာဂီဆေးရုံတွင် ဆေးကုသမှုခံယူနေသော လူနာအမှတ် ၁၅တို့၏ ကလေးနှစ်ဦးနှင့် တူမဖြစ်သူတို့သည် ပြည်ခရိုင် ပြည်သူ့ဆေးရံမှု သူတို့၏မိခင်ရှိရာ ဝေဘာဂီအထူးကုဆေးရုံကြီးသို့ ဧပြီ ၉ ရက်နေ့ နေ့ကူးစအချိန်တွင် ရောက်ရှိလာကြောင်း သိရသည်။

အသက် ၁၀ နှစ်အရွယ် သား- လူနာအမှတ် (၁၈)၊ အသက် ရှစ် နှစ်အရွယ် သမီး- လူနာအမှတ် (၁၉) နှင့် အသက် ၁၈ နှစ်အရွယ် တူမ- လူနာအမှတ် (၂၀) တို့၏ ကျန်းမာရေးအခြေအနေလည်းကောင်းမွန်သည်ဟု သိရသည်။

ကလေးနှစ်ဦးနှင့် မိခင်ကို ဝေဘာဂီဆေးရုံရှိ အခန်းကျယ် တစ်ခန်းတွင် အတူထားလျှက် ဆေးကုသမှုပေးနေပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ မစိုးရိမ်ရဟု သိရသည်။

“ကလေးတွေက ဘာလက္ခဏာမှ မရှိပါဘူး၊ သူ့အမေကလည်း သူ့ကလေးတွေ တွေ့ရတဲ့အခါကျတော့ အရမ်းဝမ်းသာပြီး ကောင်းကောင်းအိပ်ပျော်တယ်။ ပထမတော့ စိတ်တွေ ပူနေတာပေါ့ ဘေးကကြည့်တဲ့သူတွေတောင် အရမ်းပျော်ပါတယ်။ ... သူ့တို့အမေက စစချင်းလာတုန်းက ဖျားတာ၊ အခုတော့ အဖျားကျသွားပါပြီ”ဟု  ဝေဘာဂီ အထူးကုဆေးရုံကြီး၏ ဆေးရုံအုပ် ဒေါက်တာ အေးအေးအောင်က ပြောသည်။

 
မိခင်ဖြစ်သူ လူနာအမှတ် (၁၅) မှာ ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးခန်း တစ်ခုဖြစ်သည့် SOS International Clinicတွင် သူနာပြုအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၎င်းမှတဆင့် မိသားစုထံကို ကူးစက်ခဲ့တာ ဖြစ်သည်။
 
လူနာအမှတ် ၁၇( ဖခင်ဖြစ်သူ)မှာ အသက် ၄၇နှစ်အရွယ် သွေးတိုးရောဂါအခံရှိသူ ဖြစ်ပြီး COVID-19 ကြာင့် ရုတ်တရက် အသက်ရှုလမ်းကြောင်း ပျက်စီးကာ ယမန်နေ့နံနက်က သေဆုံး၍ ချက်ခြင်းပင် သဂြိုလ်ခဲ့ရသည်။  

ဖခင်ဖြစ်သည့် လူနာအမှတ် ၁၇ သေဆုံးပြီး ၎င်းတို့၏ မိခင်ဖြစ်သူမှာ နိုင်ငံတော်အတိုင်ပင်ခံ၏ လူမှုကွန်ယက်စာမျက်နှာသို့ ဆက်သွယ်ကာ ကလေးများကို မိခင်ရှိရာ ဝေဘာဂီဆေးရုံသို့ ပို့ဆောင်ပေးရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

လူနာအမှတ် (၈)၊ (၁၁)၊ (၁၂)၊ (၁၃) နှင့် လူနာအမှတ် (၁၅)၊ (၁၇)၊ (၁၈)၊ (၁၉)၊ (၂၀)

ရန်ကုန်တိုင်းဒေသကြီးတွင် ဗဟန်းမြို့ နယ်တွင်နေထိုင်သူ လူနာအမှတ် (၈) သည်  ပြင်သစ်ခရီးသွားများနှင့်အတူ မြို့အတော်များများကို ခရီးသွားလာခဲ့သူဖြစ်သည်။

 လူနာအမှတ် (၈) နှင့် ပြင်သစ်ခရီးသွားလေးဦးသည် ရန်ကုန်မြို့ အင်လျားလိတ်ဟိုတယ်တွင်ရုံးဖွင့်ထားသော International SOS Clinic သို့ မတ်လ ၂၅ ရက်နေ့က ဆေးထောက်ခံစာယူရန် သွားရောက်ခဲ့သည်ဟု ခရီးသွားမှတ်တမ်းတစ်ခုတွင် တွေ့ရသည်။

မတ်လ ၂၆ ရက်နေ့တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရောက်ရှိလာခဲ့ပြီး မတ်လ ၂၈ ရက်နေ့တွင် ဝေဘာဂီဆေးရုံကြီးရှိ အထူးကြပ်မှတ်ဆောင်တွင် စတင်ကုသမှုခံယူခဲ့ခြင်းဖြစ်သည်။

ခရီး အတူသွားခဲ့သော ပြင်သစ်သုံးဦးတွင်လည်း COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည်။

 လူနာအမှတ် (၈) သည် ပြီးခဲ့သည့် ဧပြီ ၆ရက်နေ့မှစကာ ရောဂါအပြင်းအထန်ခံစားနေရသည့် အချိန်ကာလ ကို ကျော်လွန်ကာကျန်းမာရေးတိုးတက်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ပြောရေး ဆိုခွင့်ရှိသူ ဒေါက်တာ သာထွန်းကျော်ကပြောသည်။  

အသက် ၆၀ နှစ်အရွယ် ဧည့်လမ်းညွှန်အမျိုးသမီးသည် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်ရှိ ဝေဘာဂီအထူးကုဆေးရုံ ကြီးရှိ အထူးကြပ်မှတ်အဆောင်တွင် ကုသမှုခံယူခဲ့ပြီးတဲ့နောက် ကျန်းမာရေးတိုးတက်ကောင်းမွန်လာသဖြင့် ICU အထူးကြပ်မတ်ဆောင်ပြင်ပသို့ ပြောင်းရွှေ့ခွင့်ရခဲ့သည်။ ဆေးကုသမှုကိုတော့ ဆက်လက်ခံယူနေရဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly