အကြမ်းဖက်ဥပဒေဖြင့် ဖမ်းဆီးထားသော VOMအယ်ဒီတာချုပ်ကို ဒုတိယအကြိမ်ချုပ်မိန့်ရမန်ယူ

အကြမ်းဖက်ဥပဒေဖြင့် ဖမ်းဆီးထားသော VOMအယ်ဒီတာချုပ်ကို ဒုတိယအကြိမ်ချုပ်မိန့်ရမန်ယူ
ဓာတ်ပုံ - အောင်ကိုဦး / မဇ္ဈိမ

မန္တလေး ဧပြီ ၉

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေများဖြင့် ပြည်ထဲရေး၏ ဖမ်းဆီးခြင်းခံထားရသည့် မန္တလေးအခြေစိုက် VOM သတင်းဌာန အယ်ဒီတာချုပ် ဦးနေလင်း(ခ)ဦးနေမျိုးလင်းကို ဧပြီလ ၉ ရက် နံနက်က ဒုတိယအကြိမ် ချုပ်ရက် ရမန်ယူခဲ့သည်။

"ကျွန်တော်ကို သေဒဏ်တိုက်မှာ ထားပါတယ်။တံခါး သုံးထပ်နဲ့။ကျွန်တော်ရေးတာ ငြိမ်းချမ်းရေးအတွက် ရေးတဲ့သတင်းဖြစ်ပါတယ်။ငြိမ်းချမ်းရေးအတွက် ပေးတဲ့ဆုက လက်ထိပ်ပါ။"ဟု ဦးနေလင်းက ရုံးထုတ် အပြီးတွင် သတင်းထောက်များကို ပြောသည်။

ဒုတိယအကြိမ်ရမန်ကို ၉ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ချုပ်ရက်ရမန် ပေးခဲ့ကြောင်းချမ်းမြသာစည်မြို့ နယ်တရားရုံးပြန်ကြားရေးအရာရှိဦးကျော်စွာလင်းကပြောသည်။

ရခိုင်လက်နက်ကိုင်အဖွဲ့ AA ပြောရေးဆိုခွင့်ရှိသူနှင့ ်မတ်လ ၂၇ ရက်နေ့က အင်တာဗျူး ထုတ်လွှင့်ခဲ့ခြင်းနှင့်ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီးသတင်းတပ်ဖွဲ့ ဒုရဲမှူးကြီးခင်မောင်ဝင်းက တရားလို ပြုလုပ်ကာ မန္တလေးမြို့ အမှတ် ၁၀ ရဲတပ်ဖွဲ့စခန်းတွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ၅၀(က)၊၅၂(က) တို့ဖြင့် အမှုဖွင့်ခဲ့ပြီး မတ်လ ၃၀ ရက်နေ့ညပိုင်းတွင် ကိုနေလင်း(ခ)ကိုနေမျိုးလင်းကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ၅၀(က)မှာ အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ ထောင်ဒဏ်တစ်သက်တစ်ကျွန်း၊အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ၅၂(က)မှာ အနည်းဆုံး ထောင်ဒဏ် သုံးနှစ်အများဆုံး ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ်ကျခံနိုင်သော ပုဒ်မများဖြစ်သည်။

United League of Arakan (ULA)/AA လက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့က မတ်လ ၂၃ ရက်တွင် ထုတ်ပြန်ကြေ ညာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required