ရုရှလေယာဉ်ကို ပစ်ချခဲ့သည်ဟူသော အိုင်အက်စ်တို့၏ ပြောဆိုချက် ၀ါဒဖြန့်ခြင်းသာဖြစ်ဟု အီဂျစ်သမ္မတ ပြော

ရုရှလေယာဉ်ကို ပစ်ချခဲ့သည်ဟူသော အိုင်အက်စ်တို့၏ ပြောဆိုချက် ၀ါဒဖြန့်ခြင်းသာဖြစ်ဟု အီဂျစ်သမ္မတ ပြော

ကိုင်ရို၊ နိုဝင်ဘာ - ၃ ။       ။ အိုင်အက်စ်အကြမ်းဖက်အုပ်စုနှင့် ဆက်နွယ်နေသည့် စစ်သွေးကြွများက ရုရှလေယာဉ်ကို ပစ်ချခဲ့သည်ဟူသော ပြောဆိုချက်များမှာ ဝါဒဖြန့်ခြင်းသက်သက်သာဖြစ်သည်ဟု အီဂျစ်သမ္မတ အဗ္ဗဒူ ဖက်တာ အယ်လ် စီစီက ပြောကြားခဲ့သည်။ ဘာ့ကြောင့်ပျက်ကျရသည်ကို ပြောရန် စောလွန်းနေသေးသည်ဟုလည်း ၎င်းက ဘီဘီစီသို့ ပြောကြားခဲ့သည်။

အဲဘတ်စ်၃၂၁မှာ အောက်တိုဘာလ ၃၁ရက်နေ့က ဆိုင်းနိုင်းကျွန်းဆွယ်ပေါ် လေထုထဲတွင်ပင် ကျိုးပြတ်သွားခဲ့သည်ဟု ယူဆရပြီး လေယာဉ်ပေါ်လိုက်ပါလာသူ ၂၂၄ဦးစလုံး သေဆုံးခဲ့သည်။

သို့ရာတွင် တင်္လာနေ့က လေကြောင်းလိုင်း ကိုဂါလီမာဗီယာက ပြင်ပပယောဂကြောင့် လေယာဉ်ပျက်ကျရသည်ဟု ပြစ်တင်ပြောကြားခဲ့သည်။

ရုရှ၏ ဖက်ဒရယ်လေကြောင်း အေဂျင်စီ၏ အကြီးအကဲ အလက်ဇန္ဒား နီရက်ကိုကမူ လေကြောင်းလိုင်း၏ ပြောဆိုချက်မှာ စောလွန်းသကဲ့သို့ အခြေအမြစ်လည်းမရှိကြောင်း ရုရှတီဗီသို့ ပြောကြားခဲ့သည်။

အီဂျစ်သမ္မတ စီစီကလည်း အလျင်စလို ကောက်ချက်မချရန် သတိပေးခဲ့ပြီး ဤကိစ္စတွင် စိတ်ဝင်စားသူမှန်သမျှကို စုံစမ်းစစ်ဆေးမှုတွင် ပါဝင်ရန် ဖိတ်ခေါ်ကြောင်း ဘီဘီစီသို့ ပြောကြားခဲ့သည်။

‘အိုင်အက်စ်တွေကြောင့် လေယာဉ်ပျက်ကျရတယ်ဆိုတဲ့ ဝါဒဖြန့်ချက်တွေ ထွက်ပေါ်လာတဲ့အခါမှာ ဒါဟာတစ်နည်းအားဖြင့် အီဂျစ်ရဲ့ တည်ငြိမ်မှုနဲ့ လုံခြုံရေးကို ဖျက်စီးတာ၊ အီဂျစ်ရဲ့ ပုံရိပ်ကို ဖျက်စီး တာပါပဲ။ ကျနော့်ကို ယုံပါ။ အထူးသဖြင့် ဒီကန့်သတ်ဧရိယာ ဆိုင်းနိုင်းကို ကျနော်တို့ အပြည့်အ၀ ထိန်းချုပ်ထားတာပါ’ဟု အယ်လ် စီစီက ပြောကြားခဲ့သည်။

အမေရိကန် ထောက်လှမ်းရေးညွှန်ကြားရေးမှူး ဂျိမ်းစ် ကလက်ပါကမူ အကြမ်းဖက်သမားများ ပါဝင်ပတ်သက်နေသည့် တိုက်ရိုက်အထောက်အထား မတွေ့ရှိရ၍ ဖြစ်နိုင်ခြေနည်းသော်လည်း အကြောင်း ရင်းတစ်ခုအနေဖြင့် ထည့်သွင်းစဉ်းစားနေသည်ဟု ပြောကြားခဲ့သည်။

Sinai Province ဟု လူသိများသည့် အိုင်အက်စ်သစ္စာခံတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်နှင့် အသံမက်ဆေ့ချ်တွင် ခရီးသည်တင်ဂျက်လေယာဉ်ကို ပစ်ချခဲ့သည်ဟု ပြောကြားထားသည်။

လွန်ခဲ့သည့်တစ်နှစ်က အိုင်အက်စ်တို့ထံ သစ္စာခံခဲ့သည့် အဆိုပါအုပ်စုက ဆိုင်းနိုင်းကျွန်းဆွယ်ကို သိမ်းပိုက်းပြိး အစ္စလာမ်ပြည်နယ်အဖြစ်သို့ ပြောင်းလဲပစ်လိုသော ရည်ရွယ်ချက်ရှိနေသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required