COVID-19 အပေါ် WHO ၏ ကနဦးတုံ့ပြန်မှုနှင့် သံသယဖြစ်ဖွယ် တရုတ်နှင့်ဆက်ဆံရေး  

COVID-19 အပေါ် WHO ၏ ကနဦးတုံ့ပြန်မှုနှင့် သံသယဖြစ်ဖွယ် တရုတ်နှင့်ဆက်ဆံရေး  

ဧပြီ ၈

ဇန်နဝါရီလ ၃၁ ရက် က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ တရုတ်ပြည်ဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Gauden Galea သည်  ကိုရိုနာဗိုင်းရပ်စ်သစ် ပျံ့နှံ့မှု အခြေအနေကို သံတမန်များအားရှင်းလင်းတင်ပြခဲ့ပြီး တရုတ်အစိုးရ၏ စီမံဆောင်ရွက်ချက်များအား ချီးမွမ်းပြောဆိုခဲ့သည်။

တရုတ်နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ်မှစတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်သည် တစ်ကမ္ဘာလုံးသို့ စတင်ပျံ့နှံ့လာခဲ့ပြီးနောက်  WHO က COVID-19 အား ပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ်  ဇန်နဝါရီ ၃၀ က ကြေညာခဲ့သည်။ သို့သော် ခရီးသွားလာမှုနှင့် ကုန်သွယ်မှုကို တားမြစ်ပိတ်ပင်စရာမလိုဟု ပြောဆိုခဲ့ပြီး တရုတ်နိုင်ငံအတွက်သာ အဓိက စိုးရိမ်ခဲ့သည်။ Dr. Gauden Galea သည် တရုတ်တို့၏ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ပုံကို ချီးကျူးပြောဆိုခဲ့ပြီး WHO ၏ အကြံပြုချက်များကို လိုက်နာရန် ကမ္ဘာ့နိုင်ငံများအား တောင်းဆိုခဲ့သည်။  

ဗိုင်းရပ်စ်သည် ကနေဒါနိုင်ငံအထိပါ လျင်မြန်စွာပျံ့နှံ့လာခြင်းနှင့်အတူ WHO သည် အခွင့်အလမ်း သို့မဟုတ် ငွေမျက်နှာကြည့်ပြီး တရုတ်နိုင်ငံကို မျက်နှာသာပေးမှုများရှိနေပြီလားဟု ၎င်းတို့ဆက်ဆံရေးအပေါ် သံသယဝင်လာခဲ့ကြသည်။

၂၀၀၃ ခုနှစ်က SARS ရောဂါကိုဖြစ်စေသည့် ဗိုင်းရပ်စ်စတင်ပျံ့နှံခဲ့မှုကို တရုတ်အစိုးရက ဖုံးကွယ်ခဲ့သည့်အတွက် WHO က အကြီးအကျယ်ဝေဖန်ခဲ့ဖူးသည်။ သို့သော် COVID-19 ကပ်ရောဂါဖြစ်ပွားချိန်၌ တရုတ်အာဏာပိုင်များက ရောဂါအကြောင်း သတိပေးပြောဆိုခဲ့သည့် ဆရာဝန်များကို နှုတ်ပိတ်ဟန့်တားခဲ့ပြီး အဖြစ်မှန်ဖုံးကွယ်ခဲ့သည်ကို WHO အနေဖြင့် ရှုတ်ချပြောဆိုရန် ပျက်ကွက်ခဲ့သည်။ ဗိုင်းရပ်စ်သည် လူလူချင်းကူးစက်နိုင်သည့် သက်သေအထောက်အထားမရှိဟု WHO က ဇန်နဝါရီလလယ်က ပြောခဲ့သည်။

 တရုတ်နိုင်ငံအတွင်း COVID-19 ကြောင့်သေဆုံးသူအရေအတွက်ကို အမေရိကန်စုံစမ်းထောက်လှမ်းရေးအဖွဲ့အစည်းက သံသယရှိနေသည့်တိုင် WHO က တရုတ်တို့ထုတ်ပြန်သည့် တရားဝင်ကိန်းဂဏန်းများကိုသာ ယုံကြည်အားထားခဲ့ကြသည်။  ထိုသို့ တရုတ်အပေါ်  ယုံကြည်စိတ်ချမှုသည် WHO ၏ အကြံပြုချက်များကို လိုက်နာနေသော ကနေဒါကဲ့သို့သော နိုင်ငံများအတွက် အထူးစိုးရိမ်စရာဖြစ်သည်။

COVID-19 ကြောင့် ကမ္ဘာတစ်လွှား လူထောင်ပေါင်းများစွာ သေဆုံးလာသည့်အခါ WHO နှင့် တရုတ်တို့၏ ဆက်ဆံရေးကို ပိုမိုသံသယဝင်လာကြပြီး WHO ၏ ကနဦးပိုင်း စုံစမ်းစစ်ဆေးမှုများနှင့် ထိန်းချုပ်ကန့်သတ်မှုများ ပျက်ကွက်ခဲ့မှုကို သတိထားမိလာကြသည်။ WHO က  ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် သင့်တော်သလို စီမံချက်များ ဆောင်ရွက်ကြရန် ကမ္ဘာ့နိုင်ငံများ၏ အချုပ်အခြာအာဏာပိုင်ခွင့်ကို ရည်ညွှန်းပြောဆိုခဲ့သော်လည်း ၎င်း၏ သတိပေးချက်သည် တခြားနိုင်ငံများထက် တရုတ်တို့၏အကျိုးစီးပွားကိုသာ ဦးစားပေးနေခြင်းကြောင့် ပို၍ပင် စိုးရိမ်စရာဖြစ်လာသည်။

“ဒီဗိုင်းရပ်စ်ဟာ ပြင်းထန်ပြီး မထိန်းချုပ်နိုင်လောက်ဘူးဆိုတာကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့တာဝန်ရှိသူတွေအနေနဲ့ အစိုးရတွေကို  စောစောစီးစီး သတိပေးခဲ့တာမျိုးတွေ မလုပ်ခဲ့ပါဘူး၊ WHO အနေနဲ့ ဘာတွေသိထားသလဲ နောက်ပြီး ဘာကြောင့် တခြားနိုင်ငံတွေကို အဆောတလျင် သတိမပေးခဲ့တာလဲ” ဟု Southern Californai Dornsife တက္ကသိုလ် သိပ္ပံနှင့်ဆေးပညာဌာနမှ မနုဿဗေဒပညာရှင် Andrew Lakoff က ထောက်ပြပြောဆိုခဲ့သည်။

ဝါတာလူးရှိ Balsillie School of International Affairs မှ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးဆောင်ရွက်ချက်များကိုလေ့လာသူ ပါမောက္ခ Andrew Cooper က WHO အကြီးအကဲ Tedros Adhanom Ghebrebesus သည် ‌ တရုတ်နှင့်အဆင်ပြေသောဆက်ဆံရေးကိုထိန်းသိမ်းရန် ဦးစားပေးဆောင်ရွက်နေသည်ဟု ပွင့်ပွင့်လင်းလင်း ဝေဖန်ခဲ့သည်။

တရုတ်သည်  WHO ၏ COVID-19 တိုက်ဖျက်ရေးလုပ်ငန်းစဉ်၌ ဝါရှင်တန်ထက် ငွေကြေးပိုမိုထည့်ဝင်ထားသည်။ သို့သော် WHO အတွက် ငွေကြေးအများဆုံးထောက်ပံ့နိုင်သူဖြစ်ရန် အလှမ်းဝေးနေဆဲဖြစ်ပြီး  ယမန်နှစ်က အမေရိကန်တို့ ထည့်ဝင်ငွေ၏ ၁၀ % အောက်သာ ရှိသည်။  

COVId-19 နောက်ဆုံးအစီရင်ခံစာ၌ ဗိုင်းရပ်စ်သည် ကူးစက်မှုပြင်းထန်ကာ လျင်မြန်စွာပျံ့နှံ့နိုင်ကြောင်းနှင့် ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုအဖွဲ့အစည်းများကို များစွာ ဆိုးကျိုး သက်ရောက်နိုင်ကြောင်း ရေးသားထားသည်။ ယင်းအစီရင်ခံစာ၌ အဖွဲ့ဝင်များအားလုံးက ပါဝင်ရေးသားဆွေးနွေးထားပြီး အပြီးသတ်အကြောင်းအရာများကိုလည်း အားလုံးက အပြည့်အဝ သဘောတူကြကြောင်း၊ နောက်ဆုံးအစီရင်ခံစာ၌ mission ၏ အဓိက သာမည တွေ့ရှိချက်များ မပါဝင်ကြောင်း WHO ပြောရေးဆိုခွင့်ရှိသူ Mr. Jasarevic က ပြောသည်။

အစီရင်ခံစာ၌ဖော်ပြထားသည့် ရောဂါလက္ခဏာအပေါ် အားပျော့မှု ပြင်းထန်မှုနှင့် အရေးပေါ်အခြေအနေများ၏ အချိုးအစား ဖော်ပြချက်များမှာ တခြားနိုင်ငံများ၏ အချိုးအစားနှင့် ထူးမခြားနားဖြစ်နေပြီး ၊ အစီရင်ခံစာမှာ တိုးတက်မှုတစ်စုံတစ်ရာမရှိကြောင်း စင်္ကာပူအမျိုးသားတက္ကသိုလ်မှ ဆေးဘက်ဆိုင်ရာပါမောက္ခ Dr. Dle Fisher WHO ၏ အစီရင်ခံစာအား ဝေဖန်ပြောဆိုခဲ့သည်။

သို့ရာတွင် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာန၏ အထူးသံအမတ်ကြီးဟောင်း နိုင်ငံတကာရေးရာကျွမ်းကျင်သူ Bilahari Kausikan က ဝူဟန်၌ ဗိုင်းရပ်စ်ကင်းစင်သွားပြီးနောက်ပိုင်း COVID-19 တိုက်ဖျက်ရာတွင် တခြားနိုင်ငံများ၏ တုံ့ပြန်မှုမအောင်မြင်ခြင်းအပေါ် WHO အား အပြစ်တင်ခြင်းသည် တရားမျှတမှု မရှိကြောင်း၊ အမေရိကန်သည် COVID-19 အား ဆိုးရွားသည့်ရောဂါအဖြစ် လက်သင့်မခံဘဲ အချိန်ဖြုန်းနေခဲ့ကြောင်း၊ ဥရောပနိုင်ငံများက ယခုကပ်ရောဂါအပေါ်  အလေးမထားခဲ့မှုအတွက်  WHO အား အပြစ်မတင်သင့်ကြောင်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required