သံသယလူနာတွေ့ရှိသည့် ပညာရေးဝန်ကြီးဌာနရုံးအမှတ် ၁၃၌မရှိမဖြစ်ဝန်ထမ်းကိုသာ ရုံးတက်စေပြီး ဝန်ထမ်း သုံးရာကျော်ကို Home Quarantine လုပ်ထား

သံသယလူနာတွေ့ရှိသည့် ပညာရေးဝန်ကြီးဌာနရုံးအမှတ် ၁၃၌မရှိမဖြစ်ဝန်ထမ်းကိုသာ ရုံးတက်စေပြီး ဝန်ထမ်း သုံးရာကျော်ကို Home Quarantine လုပ်ထား

နေပြည်တော်၊ ဧပြီလ ၈

နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၁၃ ၌ COVID-19သံသယ လူနာ တွေ့ရှိသည် ဆိုသည့် အတွက် မရှိမဖြစ်ဝန်ထမ်းကိုသာ ရုံးတက်စေပြီး၊ ရုံးဝန်ထမ်းသုံးရာကျော်ကို Home Stay နေခိုင်းထားပြီဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက မဇ္စျိမ သို့ပြောကြားသည်။

“ဝန်ထမ်းတွေက အိမ်မှာ Home Quarantine ပဲ အိမ်မှာလည်း Home lock down ပေါ့နော်။ ဒီသံသယလူနာကို သတ်မှတ်တဲ့စစ်ဆေးမှုတွေလုပ်လိမ့်မယ်။ စစ်ဆေးလို့သူက COVID-19မရှိဘူး။ Negative လို့ အဖြေထွက်ရင်တော့ သူတို့ Home Lock Down ကိုဖြေမှာပေါ့။ တကယ်လို့သူက သံသယလူနာက ရှိတယ်ဆိုရင်တော့ သူက Lock Down က ၁၄ ရက်ချရတော့မှာပဲ။ Home Quarantine လုပ်ရမှာ။အရေအတွက်အရဆိုရင်တော့ နည်းနည်းများနိုင်ပါတယ်။ ၃၀၀ကျော်လောက်မှာရှိလိမ့်မယ်ထင်ပါတယ်”ဟု ဦးကိုလေးဝင်းကပြောသည်။

ပညာရေးဝန်ကြီးဌာနမှ အသက်၆၅နှစ်အရွယ်နေ့စားဝန်ထမ်း တစ်ဦးသည် ဇဗ္ဗူသီရိမြို့နယ် တွင် နေထိုင်စဉ် ဧပြီလ ၇ ရက်နေ့ ည၁၀နာ၁၅မိနစ်ချိန်ခန့်တွင် ဖျားနာပြီး ချောင်းဆိုးသည့်အတွက် နေပြည်တော် ကုတင် ၁၀၀၀ ပြည်သူ့ဆေးရုံကြီး၊ အရေးပေါ်ဌာနသို့ ပို့ဆောင်ခဲ့ပြီး လက်ရှိ အထူးကူးစက်ရောဂါဆောင်၌ ကုသနေကြောင်း သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အိမ်တော် သတင်းထောက်ဂရုထဲသို့ အသိပေးပြောကြားထားသည်။

အဆိုပါ သံသယလူနာ၏ သမီးဖြစ်သူသည် ပြီးခဲ့သည့် ဧပြီလ ၄ရက်နေ့ ညနေတွင် ရန်ကုန်မြို့မှ နေပြည်တော်သို့ရောက်ရှိခဲ့ကြောင်းနှင့် လူနာဖြစ်သူသည် မူလက အဆုတ်ရောင်ရောဂါရှိသူဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

လက်ရှိ၌ အဆိုပါလူနာ၏ လည်ချောင်းမှ နမူနာကို ယူ၍ စစ်ဆေးထားပြီးဖြစ်ပြီး ဖြစ်ကြောင်းသိရသည်။

“ရုံးအမှတ်(၁၃)မှာ DG တစ်ချို့လည်း ရုံးတက်နေတုန်း ဖြစ်ပါတယ်။ စိတ်ချရအောင်လို့နဲ့ ရုံးပိတ်ရက် နီးကပ်နေတာ ဖြစ်တဲ့အတွက် မရှိမဖြစ် ဝန်ထမ်းကလွဲလို့ ကျန်တဲ့ ဝန်ထမ်းတွေကို Home Stay နေခိုင်းထားကြောင်း၊ Lock Down ချထားတာ မဟုတ်ကြောင်း ပညာရေးဝန်ကြီးဌာနက သိရှိရပါတယ်။ NHL က ဓါတ်ခွဲအဖြေ ထွက်ရှိမှုပေါ် မူတည်ပြီး ဆက်လက် ဆောင်ရွက်ဖို့ ရှိပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဧပြီလ ၇ ရက်နေ့ထုတ်ပြန်ချက်အရ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ ၂၂ဦးရှိကြောင်းသိရသည်။အဆိုပါ ဓာတ်ခွဲအတည်ပြုလူနာ ၂၂ဦးထဲမှ သုံးဦးသေဆုံးသွားပြီဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly