COVID-19 ကာကွယ်ရန် တစ်မြို့နယ်လျှင် ကျပ်သိန်း ၅၀ စီ စစ်ကိုင်းတိုင်းအစိုးရ ထောက်ပံ့

COVID-19 ကာကွယ်ရန် တစ်မြို့နယ်လျှင် ကျပ်သိန်း ၅၀ စီ စစ်ကိုင်းတိုင်းအစိုးရ ထောက်ပံ့
ပုံ-ဟုမ္မလင်းမြို့ သင်္ဘောဆိပ်ကို တွေ့ရစဉ်

ရန်ကုန်၊ ဧပြီ - ၈

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ အားလုံးကို COVID-19 ရောဂါ ကာကွယ်ရေးအတွက် တစ်မြို့နယ်လျှင် ကျပ်သိန်း ၅၀ စီ တိုင်းအစိုးရအဖွဲ့မှ ထောက်ပံ့ပေးသည်ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး နန်းမွေးမွေးခင်က မဇ္ဈိမသို့ ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် မြို့နယ်ပေါင်း ၃၇ မြို့နယ်ရှိပြီး ထိုမြို့နယ်ပေါင်း ၃၇ မြို့နယ်ကို တစ်မြို့နယ်လျှင် ကျပ်သိန်း ၅၀ စီ COVID-19 ကာကွယ်ရေးအတွက် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“အစိုးရ ကနေပြီးတော့ သဘာဝ ဘေးအန္တရာယ်ကနေလည်း ကျွန်မတို့ကို ခရိုင်အလိုက် ပေးထားတဲ့ ပိုက်ဆံထဲက သုံးစွဲခွင့် ပြုထားပါတယ်၊ သဘာဝဘေးအန္တရာယ်ထဲမှာ ကျွန်မတို့ ဘတ်ဂျက်တွေရှိတယ်။ အဲကနေ သုံးစွဲခွင့် ပြုထားတဲ့အပြင်  ကျွန်မတို့ကို အခုတစ်မြို့နယ်ကို တိုင်းအစိုးရက သိန်း ၅၀ ထောက်ပံ့ပါတယ်”ဟု ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရက ယခုလို  ထောက်ပံ့ခြင်းသည် COVID-19 ရောဂါ ကာကွယ်ရေး မြို့နယ်များရှိ ဆေးရုံတွင် လိုအပ်နေသည့်ပစ္စည်းများ ဝယ်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည်ဟု ၎င်းက ပြောသည်။
ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး နန်းမွေးမွေးခင်က“အားလုံး သိတဲ့အတိုင်း ပေးတဲ့ပစ္စည်းအပေါ် မလုံလောက်တာရယ် ဘာပဲ ဖြစ်ဖြစ်လေ၊ ကျွန်မတို့ အထောက်အပံ့ ဖြစ်သွားတာပေါ့။ ဆေးရုံတွေအတွက် ခုတင် ၁၀၀ ဆံနဲ့ ညီတဲ့ ပစ္စည်းတွေ ကျွန်မတို့ ဝယ်ဖို့လည်း စီစဉ်ထားပါတယ်၊ ပစ္စည်းတွေကလည်း ဈေးကြီးတာလည်း ပါသလို တစ်မျိုးတည်းလည်း မကဘူး လိုအပ်တာတွေ ရှိတာပေါ့နော်။ နောက် ကျွန်မတို့ ဝယ်နိုင်ဖို့အတွက် ပိုပြီးထိရောက်တာပေါ့” ဟု ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ COVID-19 ရောဂါ ကာကွယ်ရေး ထောက်ပံ့သည့်အတွက် ဆေးရုံတွင် လိုအပ်နေ သည့် ပစ္စည်းများကို ဝယ်ယူရန် စီစဉ်နေသည်ဟု ဟုမ္မလင်းမြို့နယ် ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာဝင်းနိုင်ထွန်းက မဇ္ဈိမသို့ ပြောသည်။
“ကျွန်တော်တို့ တိုင်းအစိုးရ ကနေပြီးတော့ သိန်း ၅၀ ထောက်ပံ့လို့ဆိုလို့ ဒီနေ့  အဲယားစက်(အောက်ဆီဂျင်စက်)တွေ ဝယ်ဖို့ စီစဉ်နေတယ်ဗျ ဝယ်တော့မှာပါ”ဟု ပြောသည်။
ဟုမ္မလင်းဒေသသည် ဝေးလံခေါင်ဖျားသော ဒေသဖြစ်၍  အောက်ဆီဂျင်အိုးများ ကုန်၍ ဖြည့်ရန် မုံရွာသို့ ပို့ဆောင်ရပြီး ထိုသို့ ပို့ဆောင်ရာတွင်လည်း အနည်းဆုံး နှစ်ပတ်ခန့် ကြာသည့်အတွက် အဓိကလိုအပ်သည်မှာ အဲယားစက် (အောက်ဆီ ဂျင်စက်) ဖြစ်ကြောင်း၊ တိုက်နယ်ဆေးရုံများတွင်လည်း အဲယားစက်(အောက်ဆီဂျင်စက်)တစ်လုံးစီ ရရှိရန် စီစဉ်နေကြောင်း ဟုမ္မလင်းမြို့နယ် ခုတင် ၁၀၀ ဆေးရုံအုပ် ဒေါက်တာဝင်းနိုင်ထွန်းက ဆိုသည်။
ဟုမ္မလင်းမြို့နယ်တွင် COVID-19 ရောဂါနှင့် ပတ်သက်၍ စိုးရိမ်ဖွယ် မရှိသော်လည်း ဟုမ္မလင်းနှင့် ခန္တီးရှိ တချို့ နေရာများ မှာ ‌ရွှေလုပ်ငန်းများတွင် လာရောက် လုပ်ကိုင်နေသည့် ရွေ့ပြောင်း အလုပ်သမားများ ရှိသည့်အတွက် မိမိအနေဖြင့် စိုးရိမ်မှု ရှိနေကြောင်း ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး နန်းမွေးမွေးခင်က ပြောသည်။
ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး နန်းမွေးမွေးခင်က “စစ်ကိုင်းတိုင်းမှာက အားလုံးသိတဲ့အတိုင်း သယံဇာတတွေ ထွက်တော့ ဟုမ္မလင်း နယ်ဖက်မှာ တစ်ချက်၊ နောက် နမ့်တော၊ နောင်ပူအောင် ချောင်းဘက်မှာတစ်ချက် နောက်ပြီးတော့ နမ့်စီပွန်မှာ တစ်ချက်ပေါ့နော်။ ဘာလို့လည်းဆိုတော့ သူတို့တွေက ရွေ့ပြောင်း အလုပ်သမားတွေလို့ ပြောမှာပေါ့နော်၊ လာလုပ်တာ တွေ ရှိတယ်၊ အဲအပေါ်မှာလည်း ကျွန်မအနေနဲ့ နည်းနည်းစိုးရိမ်တယ်” ဟု ပြောသည်။
လက်ရှိ ဟုမ္မလင်းမြို့နယ်တွင် COVID-19 နှင့်ပတ်သက်ပြီး Quarantine အဖြစ် ၃၂ ဦးရှိပြီး တချို့စောင့်ကြည့်များမှာ ရက်ပြည့်သွား၍ ပြန်သွားသည့် သူများလည်း ရှိကြောင်း သိရသည်။
အဆိုပါ Quarantine ထားသည့်သူများ ရောဂါလက္ခဏာ ပြလာပါက ဆေးရုံတွင်ထားရန် သီးသန့် အဆောင်များ ပြင်ဆင် ထားသကဲ့သို့ သံသယလူနာ ရှိလာပါက ထားရန် အခန်းပြင်ဆင်ခြင်းနှင့် လိုအပ်သည့် ပစ္စည်းများလည်း စုဆောင်း ထား ကြောင်း သိရသည်။
ထို့အပြင် တိုက်နယ်ဆေးရုံများက ဆရာမ များကိုလည်း ဟုမ္မလင်းခုတင် ၁၀၀ ဆေးရုံသို့ ခေါ်ပြီး PPE ဝတ်စုံ ဝတ်ပုံ ဝတ် နည်း၊ လူနာတစ်ယောက် ရောက်လာပါက မည်သို့ ကိုင်တွယ်မည်နှင့် မည်သို့ စောင့်ကြည့် စစ်ဆေးမှုများ  ပြုလုပ်မည်ကို သင်ပေးလျက်ရှိသလို လက်တွေ့ လေ့ကျင့်မှုများ ပြုလုပ်နေကြောင်း ဆေးရုံအုပ် ဒေါက်တာဝင်းနိုင်ထွန်းက ပြောသည်။
မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် (ခေါ်) COVID-19 ရောဂါ သံသယနှင့် စောင့်ကြည့်လူနာ ၈၃၅ ဦးရှိပြီး  ရောဂါ ကူးစက်ခံ ရသူ ၂၂ ဦး ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ဧပြီ ၈ ရက်နေ့ နံနက်ပိုင်းက သတင်းထုတ်ပြန်ချက်များအရ သိရသည်။
အဆိုပါ COVID-19 ရောဂါ ကူးစက်ခံရသူ  ၂၂ ဦးထဲမှ  သုံးဦးသည် ကွယ်လွန်သွားပြီး ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required