သင်္ကြန်ကာလအတွင်း YBS နှင့် ရထား ၃၀ ရာခိုင်နှုန်းသာ ပြေးဆွဲမှာဖြစ်

သင်္ကြန်ကာလအတွင်း YBS နှင့် ရထား ၃၀ ရာခိုင်နှုန်းသာ ပြေးဆွဲမှာဖြစ်

ရန်ကုန်၊ ဧပြီ ၈

လာမည့် သင်္ကြန်ကာလအတွင်း အပြင်ထွက်သူများ သတိပြုရန်မှာ ရန်ကုန်မြို့တွင်ပြေးဆွဲပေးနေသည့် YBS ယာဉ်နှင့် မြို့ပတ်ရထားအစီးရေကို လက်ရှိအနေထားမှ ၃၀ ရာခိုင်နှုန်းသာပြေးဆွဲရန်  ရန်ကုန်တိုင်းအစိုးရက စီစဉ်ထားခြင်းဖြစ်သည်။

ပုံမှန်အားဖြင့် ရန်ကုန်မြို့တွင် YBS ယာဉ် ၄၀၀၀ ကျော်ပြေးဆွဲပေးနေရာမှ ၃၀ ရာခိုင်နှုန်းသာပြေးဆွဲမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးမိုးဟိန်းက “ ထွက်မယ့်အစီးရေက ရာခိုင်နှုန်းနဲ့ဆို ၃၀ ရာခိုင်နှုန်းလောက်ပဲရှိမယ်ထင်တယ်။ YBS ရော၊ ရထားရော။ အစီးရေ အကြမ်းဖျဉ်းပါ့ ” ဟုပြောသည်။

သို့သော် သင်္ကြန်ကာလဖြစ်သော ဧပြီ ၁၀ရက်မှ ၁၉ ရက်နေ့အထိသည် မဖြစ်မနေဆောင်ရွက်ရမည့် ကျန်းမာရေးကိစ္စရပ်များနှင့် အစားအသောက်ဝယ် ယူခြင်းကိစ္စမှအပ နေအိမ်ပြင်ပထွက်ခွာခွင့်မပြုဘဲ နေအိမ်တွင်သာ Home Stay နေထိုင်ရန် အသွားအလာကန့်သတ်ထားသည့် ကာလလည်းဖြစ်သည်။

ထို့ကြောင့် “မဖြစ်မနေထွက်မယ့်သူတွေရှိတယ်။ အဲ့လူတွေအတွက်ညှိနှိုင်းပြီးလုပ်ထားတာပေါ့” ဟု ရန်ကုန်တိုင်းအစိုးရအတွင်းရေးမှူး ဦးမိုးဟိန်းကပြောသည်။

မြို့ပတ်ရထားသည်လည်း YBS နည်းတူ ၇၀ ရာခိုင်နှုန်းအထိအစီးရေလျော့ချပြေးဆွဲရန်ပြင်ဆင်နေသောကြောင့် အတိအကျသိရရန် မြန်မာ့မီးရထားဌာန တာဝန်ရှိသူ၊ YRTA တာဝန်ရှိသူအပြင် ကုန်းလမ်းပို့ဆောင်ရေးဌာနတာဝန်ရှိသူတို့ထံ ဖုန်းဆက်သွယ်သော်လည်း လက်ခံဖြေကြားခြင်း မရှိသေးပေ။

အဝေးပြေးယာဉ်လိုင်းများအားလုံးကို သင်္ကြန်ကာလအတွင်း ခရီးသည်ပို့ဆောင်ရေးများရပ်ဆိုင်းထားရန် အစိုးရကညွှန်ကြားခဲ့သော်လည်း အဝေးပြေးရထားများ ရပ်နားရန် ရှိ/ မရှိကိုမူ မဇ္ဈိမမှစုံစမ်းလျှက်ရှိသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း မတ်လ လကုန်ပိုင်းမှ ဧပြီလ ၇ ရက်အထိ COVID-19 ကူးစက်မှုမှ ကာကွယ်ရန် အပြင်ထွက်သူနည်းပါးလာခြင်းနှင့် Work from home (အိမ်မှ အလုပ်လုပ်ကိုင်ခြင်း)့များပြားလာခြင်းကြောင့် YBS ယာဉ်များကို ယခင်က အစီးရေ  ၄၀၀၀ ခန့်ပြေးဆွဲရာမှ လက်ရှိတွင်ပင် အစီးရေ ၂၈၀၀ ခန့်သာ ပြေးဆွဲသည်။

မြန်မာပြည်တွင် ကိုရိုနာဗိုင်းရပ်စ်(COVID-19)ရောဂါကူးစက်ပြန့်ပွားမှုကြောင့်  စောင့်ကြည့်လူနာ ၇၄၆ ဦး၊ ရောဂါပိုးတွေ့ရှိသူ ၂၂ဦးနှင့် သေဆုံးသူ ၃ဦးအထိရှိနေပြီး ၎င်းရောဂါပိုးတွေ့ရှိသူများအနက် ရန်ကုန်တိုင်းဒေသကြီးတွင် ရောဂါပိုးတွေ့ရှိ သူ ၁၄ ဦး ရှိနေသည်။

ထို့ကြောင့် နိုင်ငံတော်အတိုင်ပင်ခံကလည်း “သင်္ကြန်တွင်းကာလဟာ မြန်မာနိုင်ငံအအတွက် စိန်ခေါ်မူကြီးတဲ့ကာလဖြစ်ပါတယ်” ဟု COVID-19 ကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်နိုင်ရန်နှင့် ပက်သက်၍ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly