စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသွားလာခွင့်ဆိုင်ရာ တားမြစ်မိန့် ပြန်လည်ပယ်ဖျက်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသွားလာခွင့်ဆိုင်ရာ တားမြစ်မိန့် ပြန်လည်ပယ်ဖျက်

ဧပြီ ၈

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၁၅ ရက်ကြာ ခရီးသွားလာခွင့်နှင့် တည်းခိုနေထိုင်ရေးဆိုင်ရာ တားမြစ်မှုများပြုလုပ်မည်ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သော်လည်း ယခုအခါ ပြန်လည်ပယ်ဖျက်လိုက်ကြောင်း သိရသည်။

“ ပြန်ရုပ်သိမ်းလိုက်ပါတယ်။ အဲဒီကြေညာချက်က ပြည်ထောင်စုအစိုးရက ညွှန်ကြားချက်မပေးခင် အခြေအနေပါ။ ပြည်ထောင်စုအစိုးရရဲ့ညွှန်ကြားချက်နဲ့ ကွဲလွဲနေတာကြောင့် ပြန်ရုပ်သိမ်းတာလို့သိရပါတယ်။” ဟု  စစ်ကိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ရှမ်းတိုင်းရင်းသားလူမျိုးများအရေး ဆိုင်ရာဝန်ကြီးဋ္ဌာနဝန်ကြီး ဒေါ်မွှေးမွှေးခင်က ပြောသည်။
 
ဧပြီ ၅ ရက်နေ့က ထုတ်ပြန်သော တားမြစ်မိန့်တွင် ဧပြီ ၇ ရက်မှ ဧပြီ ၂၁ ရက်နေ့အထိ ခရီးသည်ပို့ဆောင်ရေး မော်တော်ယာဉ်၊ရေယာဉ်များ၊ ဟိုတယ်၊တည်းခိုခန်းများ၊ ကစားကွင်း၊ ပန်းခြံများယာယီရပ်နား ပိတ်ထားရန်နှင့် ကျန်းမာရေးနှင့်နာရေးကိစ္စမှ လွဲ၍ အခြားတိုင်းနှင့်ပြည်နယ်များသို့သွားရောက်မည်ဆိုပါက ကာကွယ်ထိန်းချုပ်ရေးကော်မတီ၏ ထောက်ခံချက်ယူ၍သွားရောက်ရန် ပါရှိသည်။
 
ဧပြီ၇ရက်နေ့က အဆိုပါ တားမြစ်မိန့်ကို ပယ်ဖျက်ကြောင်း  ဝန်ကြီးချုပ်ကိုယ်စား လူမှုရေးဝန်ကြီး ဦးဇော်ဝင်းလက်မှတ်ဖြင့် တားမြစ်မိန့်ပယ်ဖျက်ကြောင်း ကြေညာစာ စာအမှတ် ၄/ ၈-၆(၉)/(၁၉၂) ကို ထပ်မံထုတ်ပြန်ခဲ့ ကြောင်း သိရသည်။

ပယ်ဖျက်ရသည့် အကြောင်းနှင့်ပတ်သက်ပြီး ကိုရိုနာဗိုင်းရပ်စ်ကာကွယ်၊ ထိန်းချုပ်ရေးကော်မတီအသစ်တွင်ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကိုယ်တိုင်ပါဝင်လာခြင်း၊ ဗဟိုအစိုးရကလည်း တိုင်းနှင့်ပြည်နယ်အားလုံးတစ်ပြေး ညီဖြစ်စေချင်သည့် ဆန္ဒကြောင့် ဖြစ်ကြောင်း လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းက မီဒီယာများကို ဖြေကြားထားသည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၁၄ရက်စောင့်ကြည့်လူနာ ၃၅ဦးရှိပြီး ဟုမ္မလင်းမြို့နယ်၊ သီတဂူမျက်စိအထူးကုဆေးရုံတွင် ၁၅ဦးထားရှိကာ ကျန်သူများကို စာသင်ကျောင်းများနှင့်ကျေးရွာအချို့တွင် ထားရှိထားကြောင်း သိရ သည်။ အများစုသည် ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့တွင် အလုပ်လုပ်ကိုင်ပြီး ပြန်လာသူများဖြစ်ကြကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required