ကိုရိုနာဗဟိုချက် ဝူဟန်မြို့မှာ အဝင်အထွက် ပိတ်ထားတာ ရုပ်သိမ်း၍ ပြည်သူများ ပြန်လည်ထွက်ခွာ

ကိုရိုနာဗဟိုချက် ဝူဟန်မြို့မှာ အဝင်အထွက် ပိတ်ထားတာ ရုပ်သိမ်း၍ ပြည်သူများ ပြန်လည်ထွက်ခွာ

ဧပြီ ၈

တစ်ကမ္ဘာလုံးကို ကူးစက်ပျံ့နှံ့တဲ့ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားပေါ်ပေါက်ရာ တရုတ်နိုင်ငံ ဝူဟန်မြို့ကို နှစ်လကျော်ကြာ အဝင်အထွက် ပိတ်ထားတာကို အာဏာပိုင်တွေက ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်တာကြောင့် ဗုဒ္ဓဟူးနေ့အစောပိုင်းမှာဆိုရင် ထောင်ပေါင်းများစွာသော တရုတ်ခရီးသွားတွေဟာ ဝူဟန်မြို့ကနေ ပြန်လည်ထွက်ခွာကြပြီ ဖြစ်ပါတယ်။

အဝင်အထွက် ပိတ်ထားတဲ့ တားမြစ်ချက်ဟာ အင်္ဂါနေ့ ညလယ်မှာ သက်တမ်းကုန်တာကြောင့် အကာအကွယ် ဝတ်စုံတွေ တော်တော်များများ ဝတ်ဆင်ထားကြတဲ့ ခရီးသွားတွေဟာ ပျော်ရွှင်နေကြပြီး မြို့ကနေ ထွက်ခွာနိုင်ဖို့ ညလယ်ရထားအမီ ဝူဟန်ရဲ့ ဝူချောင်ဘူတာရုံဆီ အပြေးအလွှားသွားရောက်ကြပါတယ်။

“ဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှုမှာ ဝူဟန်ဟာ တော်တော်လေး ဆုံးရှုံးနစ်နာခဲ့ရတယ်။ ဝူဟန်မြို့ခံတွေ တန်ဖိုးကြီးကြီး ပေးဆပ်ခဲ့ကြရတယ်။”လို့ ရှန်ဟိုင်းက စားသောက်ဆိုင် အလုပ်ဆီ ပြန်မယ့် အသက် ၂၁ နှစ်အရွယ် ယိုဆိုသူ အမျိုးသားက ပြောပါတယ်။

“အခုတော့ lockdown ကို ပြန်ရုပ်သိမ်းလိုက်ပါပြီ။ ကျွန်တော်တို့ တော်တော်လေး ပျော်ရွှင်ရတယ်လို့ ပြောချင်မိတယ်။”လို့ ၎င်းက ပြောပါတယ်။

ဇန်နဝါရီ ၂၃ ရက်ကနေစပြီး မကြုံဖူးတဲ့ ရောဂါခြေချုပ်အဖြစ် အဝင်အထွက် ပိတ်ခဲ့ရတဲ့ ဝူဟန်မြို့ကနေ ဗုဒ္ဓဟူးနေ့မှာ လူပေါင်း ငါးသောင်းခွဲကျော်ထက်မနည်း ထွက်ခွာကြလိမ့်မယ်လို့ အစိုးရက ခန့်မှန်းထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ဗဟိုချက်ဖြစ်တဲ့ ဝူဟန်မြို့ဟာ ကမ္ဘာမှာ ပထမဆုံး lockdown ချခဲ့တဲ့ မြို့ဖြစ်ပြီး ဗိုင်းရပ်စ်ကြောင့် ခုဆိုရင် နိုင်ငံတော်တော်များများမှာ အဝင်အထွက်ပိတ် ကန့်သတ်တာတွေ ချမှတ်ပြဋ္ဌာန်းထားရတာ ဖြစ်ပါတယ်။

ဝူဟန်မြို့ တည်ရှိရာ ဟူပေးပြည်နယ်က ဝန်းကျင်ဒေသတွေဟာ ဝူဟန်မြို့ lockdown ချပြီး မကြာခင်မှာပဲ အသွားအလာ ကန့်သတ်ပိတ်ပင်မှုတွေကို ပြဋ္ဌာန်းချမှတ်ခဲ့တာပါ။

ဟူပေးပြည်နယ်နဲ့ မြို့တော် ဝူဟန်ဟာ တရုတ်အစိုးရ တရားဝင်ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားမှု အများစု ဖြစ်ခဲ့ပြီး ကူးစက်ဖြစ်ပွားသူပေါင်း ၈၁၀၀၀ ရှိကာ သေဆုံးသူ ၃၃၀၀ ကျော်ထက်မနည်း ရှိကြောင်း သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required