အိမ်အကူမိန်းကလေးမိခင်က သရုပ်ဆောင် မင်းရာဇာ၊ ဇနီးနှင့် ယောက္ခမဖြစ်သူအား အမှုဖွင့်ထား

အိမ်အကူမိန်းကလေးမိခင်က သရုပ်ဆောင် မင်းရာဇာ၊ ဇနီးနှင့် ယောက္ခမဖြစ်သူအား အမှုဖွင့်ထား

ရန်ကုန်၊ ဧပြီ ၈ရက်

ရုပ်ရှင်သရုပ်ဆောင် မင်းရာဇာနှင့်အတူ သူ၏ ဇနီးသည်တို့သည် အိမ်အကူမိန်းကလေးအား အက်စစ်ဖြင့် ပက်သည်ဟုဆိုကာ အိမ်အကူ၏ မိခင်က ဧပြီလ ၇ရက်နေ့တွင် ရွှေပေါက်ကံရဲစခန်းတွင် အမှုဖွင့်တိုင်ကြားထားကြောင်း သိရသည်။
 
မြောက်ဥက္ကလာပ မြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ရန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က "ရွှေပေါက်ကံ ၁၂ရပ်ကွက်မှာဖြစ်တာ။ အမှုတော့ဖွင့်ထားတယ်" ဟု ပြောသည်။

လွန်ခဲ့သော ရက်ပိုင်းက အင်တာနက်တွင် ပျံ့နှံ့ခဲ့သော ရုပ်ရှင်သရုပ်ဆောင် မင်းရာဇာနှင့် သူ၏ဇနီးသည်၊ အိမ်အကူမိန်းကလေးတို့၏ လူမှုရေးပြဿနာ အသံဖိုင်ကို ကြားသိရပြီးနောက်  အိမ်အကူမိန်းကလေး၏မိခင်က  သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

အသံဖိုင်အရ မင်းရာဇာသည် အိမ်အကူမိန်းကလေးအပေါ် လိင်မှုအကြိမ်ကြိမ်လွန်ကျူးခဲ့သည်ဟု ပါရှိသည်။

တွေ့ဆုံစဉ်တွင် သမီးဖြစ်သူ လမ်းလျှောက်ပုံမှာ မူမမှန်သဖြင့် မေးမြန်းရာ လွန်ခဲ့သော နှစ်ရက်ခန့်က မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံနေအိမ်တွင်ရှိနေစဉ်  မင်းရာဇာနှင့် ဇနီးတို့ ရောက်ရှိလာပြီး ဇနီးဖြစ်သူမှ မင်းရာဇာအား "နင့်ကောင်မကို အက်စစ်နဲ့ပက်မလား မပက်ဘူးလား။ မပက်ရင် ငါပက်မှာနော် "ဟု ပြောဆိုကာ ဘောင်းဘီဆွဲချွတ်ကာ အမျိုးသမီးအင်္ဂါအား အက်စစ်ထည့်ထားသော စပရေးဘူးဖြင့် ဖြန်းခဲ့ကြောင်း တိုင်တန်းချက်တွင် ပါရှိကြောင်း ကနဦးရရှိသော သတင်းများအရ သိရသည်။
 
ထို့အပြင် အစောပိုင်းရက်က မင်းရာဇာ၏ ယောက္ခမဖြစ်သူမှ ဦးခေါင်းအား တူဖြင့် နှစ်ချက်ထုရိုက်ရာ ဦးခေါင်း နောက်စေ့တွင် သွေးထွက်ဒဏ်ရာနှစ်ချက်(မစိုးရိမ်) ရရှိခဲ့ကြောင်းလည်း စွပ်စွဲချက်တွင် ပါရှိသည်ဟု ဆိုသည်။ ယောက္ခမဖြစ်သူကိုလည်း အမှုဖွင့်ထားသည်ဟု သိရသည်။

ရွှေပေါက်ကံရဲစခန်းမှ စခန်းမှူးက အမှုလက်ခံထားသည်ဟု ပြောဆိုလိုက်ပြီး "ကျွန်တော် လောလောဆယ် အဲ့ဒါနဲ့ပတ်သက်ပြီး ဆေးရုံသွားနေတယ်"ဟု ပြောသည်။
 
 မင်းရာဇာ၊ ဇနီးဖြစ်သူ မဖူးငုံပွင့်နှင့် ဦးမောင်မောင်အေးတို့အား (ပ) ၅၀၅/၂၀၂၀၊ ရာဇသတ်ကြီး ပုဒ်မ ၃၂၄၊ ၃၂၅၊ ၃၅၄၊ ၁၁၄ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required