ရော်နယ်ဒင်ဟိုကို ထောင်ကနေ လွှတ်ပေးလိုက်ပြီ၊ ဒါပေမယ့် နေအိမ်မှာ အကျယ်ချုပ်ခံနေရဆဲ

ရော်နယ်ဒင်ဟိုကို ထောင်ကနေ လွှတ်ပေးလိုက်ပြီ၊ ဒါပေမယ့် နေအိမ်မှာ အကျယ်ချုပ်ခံနေရဆဲ
Photo: EPA

ပါရာဂွေးနိုင်ငံမှာ ထောင်ဒဏ်ကျခံနေရတဲ့ ဘရာဇီးတိုက်စစ်မှူးဟောင်း ရော်နယ်ဒင်ဟို ကို ထောင်ဒဏ်ကနေ လွှတ်ပေးဖို့ တရားသူကြီးတွေက ဆုံးဖြတ်လိုက်ပါပြီ။ ပါရာဂွေးအကျဉ်းထောင်ထဲမှာ ၃၂ ရက်ကြာ နေခဲ့ရပြီးနောက် ရော်နယ်ဒင်ဟိုနဲ့ အစ်ကိုဖြစ်သူကို တာဝန်ရှိသူတွေက အကျဉ်းထောင်ကနေ လွှတ်ပေးလိုက်ပြီဖြစ်ပြီး နေအိမ်မှာ အကျယ်ချုပ်နဲ့ ဆက်လက် ထိန်းသိမ်းထားဖို့ အမိန့်ချလိုက်ပါတယ်။

နိုင်ငံအတွင်းကို တရားမဝင် ပတ်စ်ပို့ကိုင်ဆောင်ဝင်ရောက်လာမှုနဲ့ ဖမ်းဆီးခံထားရတဲ့ ရော်နယ်ဒင်ဟို တို့ကို ဟိုတယ်တစ်ခုမှ ပြောင်းရွှေ့နေစေဖို့ တရားသူကြီး အေမီလီယာက အမိန့်ချခဲ့တာဖြစ်ပြီး သူတို့ရဲ့အပြီးသတ် စီရင်ချက်ကို စောင့်ဆိုင်းနေရမှာဖြစ်တယ်လို့ ဆိုပါတယ်။

ရော်နယ်ဒင်ဟိုရဲ့ ရှေ့နေအဖွဲ့ဟာ သူတို့အမှုသည်တွေအတွက် အာမခံ ပေါင်(၁.၃)သန်း ပေးထားရပြီး ရော်နယ်ဒင်ဟိုဟာ အဲဒီ ငွေတွေအပြင် နောက်ထပ် ဒဏ်ငွေတွေ ထပ်မံပေးဆောင်ရဖွယ်ရှိနေသေးတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ရော်နယ်ဒင်ဟိုရဲ့ ရှေ့နေတွေက ရော်နယ်ဒင်ဟိုဟာ ပါရာဂွေးနိုင်ငံထဲကို လာရောက်ဖို့အတွက် ပတ်စ်ပို့ အတု သုံးခဲ့ပေမယ့် လွဲမှားတဲ့နေရာအတွက် အသုံးချခဲ့တာမဟုတ်ပဲ ပရိုမိုးရှင်းပွဲတစ်ခုအတွက်သာ လာရောက်ခဲ့တာဖြစ်တယ်လို့ ထုချေခဲ့တာပါ။

ရော်နယ်ဒင်ဟိုဟာ တရားမဝင်စာရွက်စာတမ်းကိုင်ဆောင်မှုနဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး သူ့ရဲ့အမှုဟာ နောက်ထပ် ရက်အနည်းငယ်အတွင်း အပြီးသတ် အမိန့်ချသွားဖို့ရှိတယ်လို့ ပါရာဂွေးနိုင်ငံရဲ့လူဝင်မှုကြီးကြပ်ရေးဌာန တာဝန်ရှိသူတစ်ယောက်က ဆိုပါတယ်။

ရော်နယ်ဒင်ဟိုရဲ့ ပရိသတ်တွေကတော့ သူတို့ရဲ့ ဘောလုံးသမားကြီး ထောင်ကနေ လွတ်သွားခဲ့ပြီဖြစ်လို့ စိတ်သက်သာရာ ရနေကြပေမယ့် နေအိမ်အကျယ်ချုပ်ချထားမှုဟာ ဘယ်လောက်ကြာမယ်ဆိုတာ စောင့်ကြည့်နေကြရဆဲပါ။

အသက် (၄၀)နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဘောလုံးသမားကြီးဟာ ပါရာဂွေးအကျဉ်းထောင်ထဲမှာ ဘောလုံးကစားနေပုံတွေကို ပရိသတ်တွေ မြင်တွေ့ခဲ့ကြရပေမယ့် တကယ်တမ်းမှာတော့ ရော်နယ်ဒင်ဟို တစ်ယောက် ပျော်ရွှင်မနေခဲ့ဘူးလို့ သူ့ကို သွားရောက်တွေ့ဆုံခဲ့တဲ့ ပါရာဂွေးတိုက်စစ်မှူးဟောင်းက ပြောပြထားခဲ့တာပါ။

လက်ရှိအချိန်မှာတော့ ရော်နယ်ဒင်ဟို တစ်ယောက် ပါရာဂွေးအကျဉ်းထောင်ကနေ လွတ်သွားခဲ့ပြီဖြစ်ပြီး နောက်ထပ် ရက်အနည်းငယ်အတွင်းမှာပဲ ဘရာဇီးမြေကို ပြန်လည်ရောက်ရှိလာဖွယ်ရှိနေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required