ပေါက်ခေါင်းမြို့နယ်မှ COVID-19 ကူးစက်ခံရသည့် အမျိုးသားသေဆုံး

ပေါက်ခေါင်းမြို့နယ်မှ COVID-19 ကူးစက်ခံရသည့် အမျိုးသားသေဆုံး
ပုံ-ပေါက်ခေါင်းမြို့ အဝင် (ပုံ-ပေါက်ခေါင်းသတင်းများ)

ရန်ကုန်၊ဧပြီ ၈

COVID-19 ကူးစက်ခံထားရသည့် ပေါက်ခေါင်းမြို့နယ်မှ ဒုတိယအုပ်ချုပ်ရေးမှူးဖြစ်သည့် လူနာအမှတ် ၁၇ သည် ယနေ့ (ဧပြီ ၈ ရက်) မနက် ၃ နာရီ ၄၀ မိနစ်ခန့်က ဆုံးပါးသွားကြောင်း ပေါက်ခေါင်းမြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာ သိမ့်သိမ့်ထွန်းက မဇ္ဈိမသို့ အတည်ပြု ပြောသည်။

ပေါက်ခေါင်းမြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသိမ့်သိမ့်ထွန်းက "ဟုတ်ကဲ့ ဆုံးသွားပါပြီ။ ဘာကြောင့်လဲဆိုရင် ဒီ COVID-19 ကြောင့် အဆုတ်ပျက်စီးပြီး ဆုံးတာပါ"ဟု ပြောသည်။
အဆိုပါ သေဆုံးသူလူနာ အမှတ် ၁၇ တွင်  သွေးတိုးရောဂါ အခံရှိကြောင်းလည်း သိရသည်။

ဒေါက်တာခင်ခင်ကြီးက သူ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် "ဧပြီ ၈ ရက် မနက် ၃ နာရီ ၄၀ မိနစ်မှာ ဆုံးပါးသွားတာဖြစ်ပြီး COVID-19 ကြောင့် သွေးအဆိပ်တက်ခြင်း၊ ပြင်းထန် အသက်ရှူလမ်းကြောင်း ရောဂါကြောင့် သေဆုံးရတာဖြစ်တယ်"ဟု ရေးသားထားသည်။

သေဆုံးသူလူနာ အမှတ် ၁၇ သည် ပြည်မြို့ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် ကုသနေခြင်းဖြစ်ပြီး အထူးကြပ်မတ်ကုသ ဆောင် (ICU) ၌ ကုသပေးနေချိန် ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း သိရသည်။

ယခု သေဆုံးသွားသည့် လူနာအမှတ် ၁၇ ၏ အသက် ၈ နှစ်အရွယ် သမီး၊ ၁၀ နှစ်အရွယ် သား၊ ၁၈ နှစ်အရွယ် တူမတို့၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်ကြောင်း ပေါက်ခေါင်းမြို့နယ် ကုသရေးဦးစီးဌာနမှူး ဒေါက်တာသိမ့်သိမ့်ထွန်းက ဆိုသည်။

သေဆုံးသူ လူနာ အမှတ် ၁၇ သည် ဇနီးသည်ဖြစ်သည့် လူနာအမှတ် ၁၅၊ International SOS clinic က သူနာပြု ဆရာမထံမှ တဆင့် ကူးစက်ခံရခြင်းဖြစ်ကာ ဇနီးဖြစ်သူသည် ရန်ကုန်မြို့ရှိ ဝေဘာဂီဆေးရုံမှာ ကုသမှု ခံယူနေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဧပြီလ ၇ ရက်နေ့အထိ ရောဂါကူးစက်ခံရသူ ၂၂ ဦး အထိရှိကာ သေဆုံးသူ ၂ ဦးရှိသည်။

မတ်လ ၃၁ ရက်က မင်္ဂလာတောင်ညွန့်မြို့နယ်မှ COVID-19 ကူးစက်ခံ လူနာ တစ်ဦးမှာ ၎င်းတွင်ရှိသည့် ရောဂါ အခံဖြင့် COVID-19 ကူးစက်ခံ လူနာထဲမှ ပထမဆုံး ကွယ်လွန်ခဲ့ပြီး ယနေ့ (ဧပြီ ၈ ရက်)တွင် ပေါက်ခေါင်းမြို့နယ်မှ ဒုတိယ အုပ်ချုပ်ရေးမှူးဖြစ်သူ လူနာ အမှတ် ၁၇ သည် COVID-19 ကူးစက်ခံ လူနာများထဲမှ ဒုတိယမြောက် သေဆုံးသူ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required