ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေသည့် နိုင်ငံ ၂၀ ကို တုပ်ကွေးကာကွယ်ဆေး Avigan အခမဲ့ပေးသွားရန် ဂျပန်စီစဉ်

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေသည့် နိုင်ငံ ၂၀ ကို တုပ်ကွေးကာကွယ်ဆေး Avigan အခမဲ့ပေးသွားရန် ဂျပန်စီစဉ်

ဧပြီ ၇

ကိုရိုနာဗိုင်းရပ်စ် လူနာများကို ကုသရာတွင် အသုံးပြုသွားနိုင်ရန် မျှော်လင့်လျက် နိုင်ငံပေါင်း ၂၀ ကို တုပ်ကွေး ကာကွယ်ဆေး Avigan အခမဲ့ပေးသွားရန် ဂျပန်အစိုးရဘက်က စီစဉ်နေကြောင်း နိုင်ငံခြားရေးဝန်ကြီး တိုရှီမစ်ဆု မိုတဲဂီက ဧပြီ ၇ ရက်တွင် ပြောသည်။

အဆိုပါ တုပ်ကွေး ကာကွယ်ဆေး Avigan ကို လက်ခံရရှိမည့် နိုင်ငံ ၂၀ ထဲတွင် ဘူလ်ဂေးရီးယား၊ ချက်သမ္မတနိုင်ငံ၊ အင်ဒိုနီးရှား၊ အီရန်၊ မြန်မာ၊ ဆော်ဒီ အာရေးဗျ နှင့် တူရကီတို့လည်း ပါဝင်ကြောင်း၊ အခြား နိုင်ငံပေါင်း ၃၀ ကလည်း အဆိုပါ ဆေးကို ရယူနိုင်ရန် စိတ်ဝင်စားနေကြောင်း မိုတဲဂီက ပြောသည်။

အဆိုပါ ဆေးနှင့်ပတ်သက်၍ လက်ရှိအချိန်တွင် ဆေးပညာဆိုင်ရာ စမ်းသပ်မှုများ လုပ်ဆောင်နေသည်ဟု သိရသည်။

ထို့ပြင် ကုလသမဂ္ဂ စီမံကိန်းများ ဝန်ဆောင်မှုရုံးအတွက်လည်း ဂျပန်ကုမ္ပဏီ Fujifilm Holdings Corp က ထုတ်လုပ်သည့် Favipiravir ဟု သိကြသော ဆေးကို ဝယ်ယူဖြန့်ချိရန် ဒေါ်လာ ၁ သန်း ထောက်ပံ့ကြေးတစ်ရပ် ဂျပန်နိုင်ငံက ထောက်ပံ့ပေးမည်ဟု သိရသည်။

 “Avigan ဆေးကို နိုင်ငံတကာမှာ ဆေးပညာဆိုင်ရာ သုတေသနတွေ ချဲ့ထွင်လုပ်ဆောင်ဖို့အတွက် စိတ်ပါဝင်စားတဲ့ နိုင်ငံတွေနဲ့အတူ ကျွန်တော်တို့ ပူးပေါင်းလုပ်ဆောင်သွားပါမယ်” ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသွားသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံလူနာများ (အထူးသဖြင့် မပြင်းထန်သော COVID-19 လက္ခဏာရပ်များ ရှိနေသူများ) ကို ကုသရာတွင် အဆိုပါ ဆေးက ထိရောက်မှုရှိကြောင်း ဝူဟန်တက္ကသိုလ်နှင့် တရုတ်ရှိ အခြားသော အဖွဲ့အစည်းများမှ သုတေသီများက ပြောထားသည်။

ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံထားရသူများကို ကုသရာတွင် အသုံးပြုနိုင်ရန်အတွက် Avigan ဆေးကို လက်ရှိ ရှိနေသည့် ပမာဏထက် သုံးဆ ပိုမိုထုတ်လုပ်သိုလှောင်ထားရန် ဝန်ကြီးချုပ် ရှင်ဇိုအာဘေးအစိုးရက စီစဉ်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required