စစ်ကိုင်းတိုင်းအတွင်း ခရီးသွားနှင့် လုပ်ငန်းတချို့ ကန့်သတ် နာဂဒေသမပါ

စစ်ကိုင်းတိုင်းအတွင်း ခရီးသွားနှင့် လုပ်ငန်းတချို့ ကန့်သတ် နာဂဒေသမပါ
ပုံ-စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးစိုက်ရာ မြို့အဝင်

ရန်ကုန်၊ ဧပြီ ၇

စစ်ကိုင်းတိုင်းဒေသကြီး တစ်တိုင်းလုံးတွင် ခရီးအသွားအလာနှင့် လုပ်ငန်းလည်ပတ်မှု တချို့ကို ဧပြီလ ၇ ရက်မှ ၂၁ ရက် နေ့အထိ ရပ်နားထားရန် တားမြစ် ကန့်သတ်မိန့်ကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အမိန့် ထုတ်ပြန်လိုက်သည်။

အဆိုပါ ကန့်သတ်ချက်များ ထုတ်ပြန်လိုက်သော်လည်း နာဂဒေတွင် ယခုလို ကန့်သတ်ချက်များ ထုတ်ပြန်ခြင်း မရှိ ကြောင်း၊ ရောဂါဖြစ်ပွားနေသည်ဟု ကြားသိရသည့်အခါ ရွာတွင်းသို့ အဝင်မခံတော့သည့် ရွာတချို့သာ ကန့်သတ် ချက်ရှိ ကြောင်း နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးကေဆိုင်းက ပြောသည်။

နာဂတိုင်းရင်းသားများ (ပုံ- ရိုက်တာ)

ဦးကေဆိုင်းက “ဒီဖက်မှာတော့ အဲလို ကန့်သတ်တာတော့ မရှိပါဘူး၊ ဒါပေမဲ့ တချို့ရွာတွေကတော့ ရောဂါဖြစ်တယ် ကြား တဲ့ အခါကြတော့ အဝင်မခံတဲ့ ရွာတွေကတော့ ရှိတာပေါ့နော်။ ဒီလို ကန့်သတ်တာတော့ မရှိပါဘူး”ဟု ပြောသည်။  

COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်စေရေး၊ ကာကွယ် ထိန်းချုပ်ရေးနှင့် ကုသရေး လုပ်ငန်းများအတွက်  ယခုကဲ့သို့ ကန့်သတ်လိုက်သည်ဟု စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
ထိုထုတ်ပြန်ချက်တွင် ခရီးသည်တင် မော်တော်ယာဉ်နှင့် ရေယာဉ်လိုင်းများ၊ ဟိုတယ်၊ တည်းခိုခန်းများ၊ အားကစားကွင်း၊ ပန်းခြံ၊  အများပြည်သူ အပန်းဖြေ သွားလာသော နေရာများကို ယာယီပိတ်ထားရန် အမိန့်ထုတ်ပြန်ထားသည်။

နာဂဒေသတွင် ဟိုတယ်များ၊ ပန်းခြံများနှင့် ပုံမှန်သွားလာနေသည့် ခရီးသည်တင် မော်တော်ယဉ်များလည်း မရှိသည့် အတွက် ယခုလို ပိတ်ပင်ရန် မလိုအပ်သည့်အတွက် ကန့်သတ် ပိတ်ပင်မှု မရှိကြောင်း နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဦးစီး ဥက္ကဋ္ဌ ဦးကေဆိုင်းက ဆိုသည်။

“ကျွန်တော်တို့ ဆီမှာတော့ ဟိုတယ်တို့၊ ပန်းခြံတို့လည်း မရှိတဲ့ အခါကျတော့ အဲတာနဲ့ပတ်သက်ပြီးတော့လည်း ပြဿနာ မရှိပါဘူး ပုံမှန်သွားလာနေတဲ့ ‌မော်တော်ယာဉ်တွေလည်း မရှိဘူးလေ။ မြို့ကြီးပြကြီးမှာတော့ ပိတ်ပင်ဖို့ လိုအပ်ပါတယ်၊ ကျွန်တော်တို့ ဒေသမှာကတော့ လူလည်း များများစားစား မရှိတော့ အဲလိုပိတ်ပင်ဖို့ မလိုအပ်တာပေါ့” ဟု ၎င်းက ပြော သည်။

COVID-19 ရောဂါကာကွယ်ရေးနှင့် ပတ်သက်၍  ပြည်သူလူထုများ သိရှိရန် ညစဉ် ကားနှင့်လှည့်ကာ အသံချဲ့စက် များဖြင့် လိုက်လံ ဆော်အော်မှုများ၊  ကျန်းမာရေး အသိပညာပေးများ ဆောင်ရွက်လျက် ရှိသည်ဟု ဦးကေဆိုင်းက ပြောသည်။

“အဓိက ကတော့ လက်ဆေးဖို့ပေါ့နော်၊ နောက် ဧည့်သည်တွေ လာရင်လည်း သက်ဆိုင်ရာကို အကြောင်းကြားဖို့ပေါ့နော်၊ အဲလိုဟာတွေ လုပ်တာတော့ ရှိပါတယ် ” ဟု ၎င်းက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ၏ ထုတ်ပြန်ချက်တွင် စားသောက်ကုန်၊ ဆေးဝါးပစ္စည်းများ၊ စက်သုံးဆီဆိုင်၊ ပုဂ္ဂလိက ဆေးရုံ ဆေးခန်းများ၊ လျှပ်စစ်ရုံးများနှင့် ဘဏ်များ စသည်တို့မှာ ပုံမှန်အတိုင်း ဆက်လက် လည်ပတ်ခွင့် ပေးထားသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအနေဖြင့် တခြား ပြည်နယ်နှင့်တိုင်းများသို့ ကျန်းမာရေးကိစ္စ၊ နာရေး ကိစ္စမှ လွဲ၍ မဖြစ်မနေ ခရီးသွားလိုပါက မိမိနေထိုင်သည့် မြို့နယ် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသ ရေး လုပ်ငန်း ကော်မတီများ၏ ထောက်ခံချက်ကို ယူပြီး သွားလာရမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

ပြည်သူများ အနေနှင့် နေအိမ်မှ မလိုအပ်ဘဲ လုံးဝ မထွက်ရန်နှင့် မဖြစ်မနေ ထွက်ပါက နှာခေါင်းစည်း တပ်ထွက်ရန်လည်း ညွှန်ကြားထားသည်။

ပြည်သူအကျိုးအတွက် ရည်ရွယ် ထုတ်ပြန်ထားသော စည်းကမ်းများအား တိကျစွာ လိုက်နာရန်နှင့် ပျက်ကွက်ပါက ဥပဒေ အရ အရေး ယူခံရမည်ဟု ထုတ်ပြန် ကြေညာထားသည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် (ခေါ်) COVID-19 ရောဂါ သံသယနှင့် စောင့်ကြည့်လူနာ ၇၈၄ ဦးရှိပြီး  ရောဂါ ကူးစက် ခံရသူ ၂၂ ဦးရှိကြောင်း ဧပြီ ၆ ရက်နေ့ နောက်ဆုံး သတင်းအရ သိရသည်။ ထို ၂၂ ဦးထဲမှ တစ်ဦးသည် ၎င်းတွင် ရှိသော အခံရောဂါဖြင့် မတ်လ ၃၁ ရက်က ကွယ်လွန်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required