ကိုရိုနာဗိုင်းရပ်စ်အကြောင်း ပထမဆုံး သတိပေးခဲ့သည့် ဆရာဝန် Li Wenliang ကို တရုတ်အာဏာပိုင်တို့က အာဇာနည်ဘွဲ့ အပ်နှင်း

ကိုရိုနာဗိုင်းရပ်စ်အကြောင်း ပထမဆုံး သတိပေးခဲ့သည့် ဆရာဝန် Li Wenliang ကို တရုတ်အာဏာပိုင်တို့က အာဇာနည်ဘွဲ့ အပ်နှင်း

ဧပြီ ၇

ကိုရိုနာဗိုင်းရပ်စ်အကြောင်း ပထမဆုံး သတိပေးခဲ့သည့် တရုတ်ဆရာဝန် Li Wenliang အား တရုတ်အာဏာပိုင်တို့က ဧပြီ ၂ ရက်တွင် အာဇာနည်ဘွဲ့ အပ်နှင်းချီးမြှင့်ခဲ့ကြောင်း သိရသည်။

ဆရာဝန် Li Wenliang သည် ကိုရိုနာဗိုင်းရပ်စ်အကြောင်း ပထမဆုံး စတင်သတိပေးခဲ့သူတစ်ဦးဖြစ်ပြီး ထိုကဲ့သို့ သတိပေးခဲ့ပြီးနောက် ဝူဟန်ရဲတပ်ဖွဲ့က ၎င်းအား ဆင့်ခေါ်ကာ ရေငုံနှုတ်ပိတ်နေရန် ဖိအားပေးခဲ့သည်။

ယင်းနောက်ပိုင်း ဆရာဝန် Li Wenliang သည် ကိုရိုနာဗိုင်းရပ်စ်ကြောင့်ပင် ကွယ်လွန်သွားခဲ့ရသည်။

ပြီးခဲ့သည့် ဧပြီ ၂ ရက်တွင် တရုတ်ကွန်မြူနစ်ပါတီက Li အပါအဝင် ကွယ်လွန်သွားခဲ့ပြီဖြစ်သည့် ဆရာဝန် ၁၂ ဦးအား  တရားဝင် ဂုဏ်ပြုဘွဲ့များ ချီးမြှင့်ခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာ CCTV က ဖော်ပြသည်။

“အာဇာနည်” ဘွဲ့သည် နိုင်ငံအတွက် တာဝန်ထမ်းရင်း အသက်ပေးသွားရသည့် နိုင်ငံသားတစ်ဦးထံ တရုတ်ကွန်မြူနစ်ပါတီဘက်က နှင်းအပ်နိုင်သည့် အမြင့်ဆုံးသော ဂုဏ်ပြုဘွဲ့ဖြစ်ကြောင်း တရုတ် Global Times သတင်းစာက ဖော်ပြသည်။

ဆရာဝန် Li သည် ဝူဟန်ဗဟိုဆေးရုံတွင် တာဝန်ထမ်းဆောင်ခဲ့သည့် မျက်စိကု ဆရာဝန်တစ်ဦးဖြစ်သည်။ ပြီးခဲ့သည့် ဒီဇင်ဘာလတွင် ၎င်းသည် SARS နှင့်တူသော စိုးရိမ်ဖွယ် ဗိုင်းရပ်စ်သစ်တစ်မျိုးနှင့်ပတ်သက်၍ ဖော်ထုတ်သတိပေးထားသည့် အစီရင်ခံစာတစ်ရပ်ကို WeChat ပေါ်တွင် မျှဝေခဲ့သည်။

၎င်း သတိပေးခဲ့သည့် အတိုင်း ကိုရိုနာဗိုင်းရပ်စ်သည် ယခုအခါ ကမ္ဘာတဝန်း လူပေါင်း ၁ သန်းကျော်ကို ကူးစက်ပျံ့နှံ့ထားခဲ့ပြီ ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကို အစောဆုံး သတိပေးခဲ့သည့် ဆရာဝန် Li အား ဝူဟန်အာဏာပိုင်များက ဆင့်ခေါ်ခဲ့ပြီး ကောလာဟလ မဖြန့်ပါ ဆိုပြီး ဝန်ခံကတိတစ်ခု အတင်းအကျပ် လက်မှတ်ထိုးခိုင်းခဲ့ကြသည်။

 နောက်ပိုင်းတွင် ဆရာဝန် Li သည် ၎င်းအလုပ်လုပ်နေသည့် ဝူဟန် ဗဟိုဆေးရုံ၌ပင် ဖေဖော်ဝါရီ ၇ ရက်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကွယ်လွန်သွားခဲ့ရသည်။

ယင်းနောက်ပိုင်း တရုတ်ကွန်မြူနစ်ပါတီ၏ စုံစမ်းစစ်ဆေးမှုတစ်ရပ်အရ ဆရာဝန် Li အပေါ် ဝူဟန် ဥပဒေစိုးမိုးရေးအာဏာပိုင်များ၏ လုပ်ရပ်များသည် နည်းလမ်းမကျဘဲ လျော်ကန်မှု မရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required