ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများကိုထောက်ပံ့နိုင်ရန် စာရင်း စတင်ကောက်နေ

ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများကိုထောက်ပံ့နိုင်ရန် စာရင်း စတင်ကောက်နေ
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ဧပြီလ ၇ရက်

ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအားအစိုးရမှ အခြေခံစားကုန် ထောက်ပံ့မည်ဖြစ်သောကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းစာရင်းများစတင်ကောက်ခံနေပြီဖြစ်သည်။

သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ၏ စာရင်းကို ဧပြီလ ၇ရက် ကရန်ကုန်တိုင်းဒေသကြီး အတွင်းစတင်ကောက်ခံနေခြင်းဖြစ်သည်။ စာရင်းကို ဧပြီလ ၈ရက် နံနက် ၈နာရီအပြီးကောက်ခံကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြရမည်ဖြစ်ကြောင်း သန်လျင်မြို့နယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်ကပြောသည်။

သန်လျင်မြို့နယ် အမှတ်(၁)တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေလင်းအောင်က “ စာရင်းတွေကို ဒီနေ့မနက်က စတင်ပြီးကောက်နေပါပြီ။ လုပ်အားပေးအဖွဲ့က လူငယ်တွေ၊ အုပ်ချုပ်ရေးအပိုင်းကသူတွေ ရပ်ကျေးအုပ်ချုပ်ရေးနဲ့ ရပ်မိရပ်ဖတွေက ပူးပေါင်းပြီးကောက်နေပါပြီ။ ကျွန်တော်တို့ကတော့ ရပ်ကျေးက တက်လာတဲ့စာရင်းတွေကို အမှားအယွင်းမရှိအောင် မြို့နယ်က အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီးဆောင်ရွက်သွားမှာပါ”  ဟု မဇ္ဈိမသို့ပြောသည်။

စာရင်းကောက်ခံရာတွင် အိမ်ထောင်စုစာရင်း၊ရှိခြင်းမရှိခြင်းကို ထည့်သွင်းစဉ်းစားသွားမှာမဟုတ်ဘဲ အမှန်တကယ် လက်လုပ်လက်စား၊ ပုံမှန်ဝင်ငွေမရှိသူများကိုသာ ထောက် ပံ့ပေးသွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

ရပ်ကျေးအဆင့်မှ တက်လာသည့် စာရင်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ လူမှုဝန် ထမ်း ကယ် ဆယ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့မှ တာဝန်ရှိသူများက စိစစ်ပြီး ရရှိလာသည့် စာရင်းများကို တိုင်း ဒေသကြီးအစိုးရအဖွဲ့ထံ တင်ပြရမည်ဖြစ်ကြောင်း သိရသည်။

သန်လျင်မြို့နယ် မြို့ဟောင်းအနောက်ရပ်ကွက်အတွင်းရှိ ကျူးကျော်နေထိုင်သူတစ်ဦးက “ မနက်ကတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့အဖွဲ့လာပြီးစာရင်းကောက်သွားပါတယ်။ အလုပ်ကတော့ ပန်းရံအလုပ်လုပ်တာပါ။ အခုကတော့ အလုပ်တွေလည်းနားထားတော့ အစိုးရက ထောက်ပံ့တဲ့အခါကျတော့ နည်းနည်းအသက်ရှုချောင် သွားတာပေါ့” ဟု မဇ္ဈိမသို့ ပြောသည်။

ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းများစာရင်းကောက်ခံရာတွင် ပျံကျဈေးသည်(ခေါင်ရွက်၊ဗျင်ထိုး)၊ အနှေးယာဉ်လုပ်သား၊ ပန်းရံ၊လက်သမား၊ကုန်ထမ်း၊ တံငါ၊ကျောက်ခွဲ၊မြေတူး၊ အုတ်ဖုတ်စသည့် ပုံမှန်ဝင်ငွေမရှိသူများကို ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Coronavirus Disease 2019( COVID-19) ကာကွယ်၊ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော် မတီအနေဖြင့် ဧပြီလ ၆ရက်ကထုတ်ပြန်ရာတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများကို သင်္ကြန်ရုံး ပိတ်ရက်ရှည်ကာလအတွင်း အိမ်ထောင်စုတစ်စုလျှင် ဆန်(၈)ပြည်၊ ဆီ(၅၀)ကျပ်သား၊ ဆား(၅၀) ကျပ်သား၊ ပဲ (၁)ပိဿာ၊ ကြက်သွန်(၁)ပိဿာ စုစုပေါင်းထောက်ပံ့ကူညီမှု (၅)မျိုးစီကို ဧပြီလ ၁၀ရက်နေ့မှစတင်ကာအခမဲ့ ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly