သတင်းသမားများကို ဖမ်းဆီးမှု ရုပ်သိမ်းပေးရန် အတိုင်ပင်ခံနှင့်သမ္မတထံ BNI စာပို့

သတင်းသမားများကို ဖမ်းဆီးမှု ရုပ်သိမ်းပေးရန် အတိုင်ပင်ခံနှင့်သမ္မတထံ BNI စာပို့
ပုံ- ဖမ်းဆီးခံရတဲ့ VOM သတင်းဌာန ဦးနေမျိုးလင်း (ပုံ-AFP)

ရန်ကုန်၊ ဧပြီ ၇

သတင်းမီဒီယာသမားများကို အကြမ်းဖက် ဥပဒေဖြင့် ဖမ်းဆီး၊ အမှုဖွင့်သည့် ကိစ္စများကို ရုပ်သိမ်း ပယ်ဖျက်ပေးရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်ထံသို့ နိုင်ငံတကာမြန်မာ သတင်းအဖွဲ့ (BNI) က ဧပြီ ၂ ရက်နေ့ ရက်စွဲဖြင့် အိတ်ဖွင့်စာ တစ်စောင် ပေးပို့ တောင်းဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် မီဒီယာသမားများကို အမှုဖွင့်ခြင်း၊ တရားစွဲဆိုလိုခြင်းများ ရှိပါက ၂၀၁၄ ခုနှစ်က ပြဋ္ဌာန်းထားခဲ့သည့် မီဒီယာ ဥပဒေနှင့်အညီ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (MPC)သို့ ဦးစွာ တိုင်ကြားရန်လိုကြောင်း၊ ထိုမှတဆင့် ညှိနှိုင်းမှု၊ လုပ်ဆောင်မှုများ အဆင့်ဆင့်ရှိသော်လည်း မီဒီယာကျင့်ဝတ်အတိုင်း လိုက်နာ ဆောင်ရွက်နေသူ MPC အဖွဲ့ဝင် ၂ ဦးကို ရာဇဝတ်မှုဖြင့် အမှုဖွင့်ခြင်းမှာလည်း မဖြစ်သင့်ဟု BNI ၏ အိတ်ဖွင့်ပေးစာတွင် ပါရှိသည်။

BNI မှ ပြောခွင့်ရပုဂ္ဂိုလ် နန်းဖော့ဂေက “အထူးသဖြင့် ဒီလို အခြေအနေ ဖြစ်နေတာ သတင်းသမားတွေကို အကြမ်းဖက်မှု ဥပဒေနဲ့ တရားစွဲတဲ့ကိစ္စမှာ သမ္မတရော၊ အတိုင်ပင်ခံရော ဒီအပေါ်မှာ ပြန်ပြီးတော့ ထပ်မဖြစ်အောင် သတိထားစေချင် တယ်။ ငဲ့ညှာ ထောက်ထားစေချင်တယ်” ဟု ပြောသည်။

ယခုလို အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်ထံ အိတ်ဖွင့်စာ ပေးပို့ရခြင်းက တခြား မီဒီယာ များ အပေါ်တွင်လည်း ထိုသို့ တရားစွဲဆိုမှုများ ပြုလုပ်လာနိုင်သောကြောင့် မီဒီယာသမားများအပေါ် ခြိမ်းခြောက်မှုမျိုး ဖြစ်စေသည့်အတွက် ဖြစ်သည်ဟု BNI က ဆိုသည်။

မြန်မာနိုင်ငံအကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့က ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် ၂၀၂၀ ခုနှစ်၊ မတ်လ ၂၃ ရက်တွင် ကြေညာခဲ့သည်။

ထို့နောက် AA မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို ဆက်သွယ် မေးမြန်းထားသည့် မန္တလေးအခြေစိုက် Voice of Myanmar (VOM) သတင်းဌာန်မှ အယ်ဒီတာချုပ် ဦးနေမျိုးလင်းအား အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (က) နှင့် ၅၂(က)တို့ဖြင့် ချမ်းမြသာစည်မြို့နယ် အမှတ် (၁၀) ရဲစခန်းမှာ အမှုဖွင့်ကာ ဖမ်းဆီး ထိန်းသိမ်းထားသည်။

ထို့နောက် ရခိုင်ပြည်နယ်၊ စစ်တွေအခြေစိုက် နိရဉ္စရာ သတင်းဌာန အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်နှင့် ရန်ကုန်အခြေစိုက် ရန်ကုန်ခေတ်သစ်မီဒီယာ အယ်ဒီတာချုပ် ဦးသာလွန် ဇောင်းထက် (ခေါ်) ဦးလှိုင်းသစ်ဇင်ဝေတို့ကို မတ်လ ၃၁ ရက်က ရဲတပ်ဖွဲ့မှ ရှာဖွေ စုံစမ်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးခိုင်မြတ်ကျော်နှင့် ဦးသာလွန်ဇောင်းထက်တို့သည် မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီ(MPC)အဖွဲ့ဝင်များလည်း ဖြစ်ကြသလို ဦးခိုင်မြတ်ကျော်မှာ သတင်းဌာန ၁၆ ခုဖြင့်ဖွဲ့စည်းထားသော BNI ၏ မူဝါဒရေးရာကော်မတီဝင်လည်း ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် “သတင်းမီဒီယာသမားများသည် တိုင်းပြည်တွင် ရာဇဝတ်မှု ကျူးလွန်နေကြသူများ မဟုတ်ကြပါ”ဟု BNI ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)ပါ ပြဋ္ဌာန်းချက်များကို ကျူးလွန်မိပါက မည်သူမဆို အနည်းဆုံး ထောင် ဒဏ် ၁၀ နှစ်မှ အများဆုံး ထောင်ဒဏ် တစ်သက်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း  ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထား သလို ပုဒ်မ ပုဒ်မ ၅၂(က)ပါ ပြဋ္ဌာန်းချက်များကို ကျူးလွန်မိပါက မည်သူမဆို အနည်းဆုံး ထောင်ဒဏ် သုံး နှစ်မှ အများဆုံး ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်ထံ အိတ်ဖွင့်စာ ပေးပို့ခဲ့သော BNI ကို Chin World၊     Develpment Media Group၊ Hinthar Media Cooperation၊ Kachin News Group၊ Kaladan Press Network၊    Kantarawaddy Times၊ Karen Information Center၊ Khonumthung News Group၊ Mizzima News၊ Mon News Agency၊ Myitkyina Journal၊ Narinjara News၊ Network Media Group၊ Shan Herald Agency for News၊ Than Lwin Times၊ The Voice of Shan Ni စသည့် သတင်းဌာန ၁၆ ခုဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly