ပေါက်ခေါင်းဆေးရုံကို ယုံကြည်စိတ်ချစွာ တက်ရောက်ကုသရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

ပေါက်ခေါင်းဆေးရုံကို ယုံကြည်စိတ်ချစွာ တက်ရောက်ကုသရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
Photo: Myanmar State Counsellor Office

ဧပြီလ ၇ရက်

ကိုရိုနာဗိုင်းရပ် COVID-19 ရောဂါမရှိသည့် အခြားသော ရောဂါများခံစားနေရပါက ပေါက်ခေါင်းဆေးရုံကို ယုံကြည်စိတ်ချစွာ တက်ရောက်ကုသရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် COVID-19 ပိုးတွေ့ရှိသူ ၄ဦးတွေ့ရှိခဲ့ပြီး ၎င်းတို့ကို ပြည်ဆေးရုံတွင် ကုသပေးစောင့်ရှောက်မှုများပေးနေပြီး ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံကို ကြောက်ရွံမှုများကြောင့် အခြား ရောဂါဖြစ်ပွားနေသော်လည်း လာရောက်ကုသမှုများ မရှိဖြစ်နေသည့်အပေါ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားလိုက်ခြင်းဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က “ ရောဂါဖြစ်ပွားတဲ့သူတွေက ပေါက်ခေါင်းဆေးရုံကို မလာပါဘူး။ အခြားရောဂါတွေဖြစ်ရင် ယုံကြည်စိတ်ချစွာ ပေါက်ခေါင်းဆေးရုံကို လာတက်ပါ” ဟု မတ်လ ၅ရက်က ကျန်းမာရေးဝန်ထမ်း၊ စီးပွားရေးလုပ်ငန်းရှင်၊ ပရဟိတဆောင်ရွက်နေသူများနှင့် မတ်လ ၅ရက်က Skype ဖြင့် ဆွေးနွေးမေးမြန်းရာတွင် ထည့်သွင်းပြောကြားခဲ့သည်။

COVID-19 ပိုးရှိသူများသည် မိမိတို့၏ ရန်သူမဟုတ်ကြောင်းနှင့် COVID-19 ရောဂါပိုးကသာ ရန်သူဖြစ်ကြောင်း ၎င်းက ပြောသည်။

လူနာနံပါတ်(၁၅) ၏မိသားစုဝင်လေးဦးမှာလည်း ဧပြီလ ၂ရက်က COVID-19 အတည်ပြုလူနာအဖြစ် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို ကြေညာခဲ့ပြီး လက်ရှိတွင် ပြည်ဆေးရုံတွင် ကုသစာင့်ရှောက်မှုပေးလျက် ရှိကြောင်း သိရသည်။ထိုလူနာမိသားစု ပေါက်ခေါင်းဆေးရုံသို့တက်ရောက်ကုသခဲ့မှုမရှိသော်လည်းဒေသခံများမှာ စိုးရိမ်မှုလွန်ကဲစွာ ဆေးရုံသို့ လာရောက်ကုသမှုမရှိခြင်းဖြစ်ကြောင်း ဆေးရုံတာဝန်ရှိသူ ဒေါက်တာအေးငြိမ်းက ဆိုသည်။

ဒေါက်တာအေးငြိမ်းက ‘လူနာက ပေါက်ခေါင်းဆေးရုံကိုမရောက်ပါဘူး ။ ဒါပေမယ့် လူတွေက ကြောက်ကြတော့ ၂ရက်လောက်ဆေးရုံကိုလူနာသစ်တက်မယ့်သူမရှိလောက်အောင်ဖြစ်သွားပါတယ်။ ဆေးရုံကမော်တော်ကား တွေပျက်လို့သွားပြင်တာတောင် ဆေးရုံကကားမို့မပြင်ပေးချင်ဘူးဆိုပြီးဖြစ်သွားပါတယ်။’’ဟုဒေါ်အောင်ဆန်းစုကြည့်နှင့်ဆွေးနွေးရာထည့်သွင်းပြောကြားသည်။

ဧပြီလ ၆ရက် ည၈နာရီအချိန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ COVID-19 အတည်ပြုလူနာ ၂၂ဦးရှိနေသည်။ဝေဘာဂီအထူးကုဆေးရုံကြီးရှိ လူနာ တစ်ဦးနှင့် ပြည်မြို့ပြည်သူ့ဆေးရုံကြီးမှ လူနာ တစ်ဦးတို့အား အထူးကြပ်မတ်ခန်းတွင် သီးခြားထားရှိကုသပေးလျှက်ရှိကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် နှာခေါင်းကင်ဆာရောဂါအခံရှိသည့် COVID-19 လူနာ တစ်ဦး သေဆုံးခဲ့သည်။

လက်ရှိတွင် ပေါက်ခေါင်းမြို့နယ်ဆေးရုံမှာ လူနာဟောင်း ၁၈ဦး တက်ရောက်ကုသနေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required