လေ့ကျင့်ခန်းပြန်ဆင်းနေကြပေမယ့် Covid-19 ကူးမှာ ကြောက်နေတဲ့ ဘိုင်ယန်အသင်းသားတွေ

လေ့ကျင့်ခန်းပြန်ဆင်းနေကြပေမယ့် Covid-19 ကူးမှာ ကြောက်နေတဲ့ ဘိုင်ယန်အသင်းသားတွေ

ဂျာမန်ဘွန်ဒက်စ်လီဂါကလပ် ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကစားသမားအချို့ကတော့ လေ့ကျင့်ခန်း ပြန်ဆင်းနေကြပါပြီ။ အသင်းရဲ့ အဓိက ကစားသမားတွေဖြစ်ကြတဲ့ ဂိုးသမားနူအာ၊ လီဝန်ဒေါစကီး၊ ဂနာဘရီ၊ မူလာ စတဲ့ ကစားသမားတွေနဲ့အတူ အဓိက ကစားသမား တော်တော်များများက လေ့ကျင့်ရေးကွင်းကို ရောက်လာခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ နေအိမ်အတွင်းမှာပဲ လေ့ကျင့်ခန်းတွေ လုပ်နေခဲ့ရပေမယ့် လက်ရှိအခြေအနေအရတော့ ဂျာမနီမှာ ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်မယ့် အလားအလာတွေ မြင်နေရတာကြောင့် ဘောလုံးသမားတွေဟာ လေ့ကျင့်ရေးကွင်းဆီ ပြန်လည်ရောက်လာခဲ့ကြတာပါ။

ဒါပေမယ့်လည်း သူတို့က တစ်ယောက်နဲ့တစ်ယောက် အနည်းဆုံး (၂)မီတာစီခြားတဲ့ အကွာအဝေးမှာသာ ရှိနေကြပြီး ဂိုးကန်သွင်းမှုတွေ၊ အပြေးအစီအစဉ်တွေနဲ့ အဝေးဘောပေးပို့မှုတွေကိုသာ လေ့ကျင့်ခဲ့ကြရတာပါ။

ကစားသမားတွေအနေနဲ့ လေ့ကျင့်ခန်းအစီအစဉ်တွေဆီ ပြန်လည်ရောက်လာခဲ့ပေမယ့် ရောဂါပိုးမကူးစက်အောင် သတိထားတဲ့အနေနဲ့ လိုအပ်တဲ့အကွာအဝေးမှာ ရှိနေစေခဲ့တယ်လို့ ဘိုင်ယန်တာဝန်ရှိသူတွေက ကြေညာထားပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခံထားရတဲ့ ဟန်ဆီ ဖလစ်အနေနဲ့လည်း သူ့ရဲ့ပထမဆုံး လေ့ကျင့်ရေးအစီအစဉ်ကို ကိုင်တွယ်ရတာပါပဲ။

လက်ရှိအခြေအနေအရတော့ ဂျာမနီနိုင်ငံတွင်းကလပ်တွေဟာ ဒီရာသီကို ပြီးဆုံးအောင်ကစားဖို့ သဘောတူထားခဲ့ပြီး ဇွန်လကုန်ပိုင်းလောက်မှာမှ ဘောလုံးပွဲတွေ ပြန်လည်စတင်နိုင်မယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

ကျန်းမာရေးအခြေအနေတွေ ကောင်းမွန်လာပြီး ဗိုင်းရပ်စ်ကို လျှင်လျှင်မြန်မြန် ထိန်းချုပ်နိုင်မယ်ဆိုရင်တော့ ကွင်းပိတ်ကစားမယ့် ပွဲစဉ်တွေကို အချိန်ပိုစောပြီး ယှဉ်ပြိုင်ကြမှာဖြစ်တယ်လို့လည်း AS က ဖော်ပြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly