လွိုင်ကော်တွင် ရပ်ရွာ လူဝင်လူထွက်စောင့်ကြည့်မှုများ လုပ်လာ

လွိုင်ကော်တွင် ရပ်ရွာ လူဝင်လူထွက်စောင့်ကြည့်မှုများ လုပ်လာ

၇ ရက်နေ့ ဧပြီလ ၂၀၂၀

ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်းရှိ ကျေးရွာတချို့တွင် COVID- 19 ရောဂါ ကာကွယ်ရန် ယခုရက်ပိုင်း ကိုယ်ထူ ကိုယ်ထစနစ်နဲ့ လူအဝင်အထွက် စောင့်ကြပ်မှုများ ပြုပ်လုပ်လာကြသည်။

လွိုင်ကော်မြို့ ထေးငှားလျား စံပြ ကျေးရွာ၊ မထောခူ ကျေးရွာအုပ်စု ပိုစာခြံ ကျေးရွာ မထောခူ အပေါ် ကျေးရွာများတွင် ရွာအဝင်လမ်း အားလုံးကို ပိတ်ထားပြီး လုံခြုံရေး အစောင့်များ ချမှတ်ထားခြင်း ဖြစ်သည်။ 

တခြားနိုင်ငံများတွင် သွားရောက် အလုပ်လုပ်ကိုင်နေသူများ ခိုးပြီး ပြန်မဝင်လာနိုင် အောင် ယခုကဲ့သို့ လုံခြုံရေး အစောင့်များ ချထားရခြင်း ဖြစ်ကြောင်း သတင်းထောက် များကို ပိုးစာခြံ ကျေးရွာ ဥက္ကဌ ဦးမြသောင်းက ပြောသည်။

“ကျနော်တို့ ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားတဲ့ အတိုင်းပေါ့လေ၊ ကိုယ်ရွာက နေပြီး တခြားနိုင်ငံမှာ သွားပြီးတော့ ရွေ့ပြောင်းလုပ်သား သွားလုပ်ကြတယ်။ ပြန်လာတဲ့ အခါ ကိုရိုနာဗိုင်းရပ် ရောဂါ မပါအောင် သေချာလေး စိစစ်ရအောင် ကျနော်တို့ ဂိတ်တွေ လုပ်ထားတာပါတယ်”လို့  ဦးမြသောင်းက ပြောသည်။

သူက ဆက်ပြီး ရွာသူ ရွာသားများ၏ အစည်းအဝေး ဆုံဖြတ်ချက်အရ လုံခြုံရေးကို  ဧပြီလ ၂ ရက်နေ့မှ  ၃၀ ရက်နေ့အထိ လုပ်ဆောင်သွားမှာဖြစ်ပြီး တစ်ရက်တွင် နှစ် အိမ် အလှည့်ကျ လုံခြုံရေး တာဝန်ယူရမည် ဖြစ်ကြောင်း ဆိုသည်။

အလားတူ ထေးငှားလျား စံပြ ကျေးရွာတွင်လည်း လုံခြုံရေး ကင်းတဲများထားရှိပြီး လုံခြုံ ရေး အစောင့်အကြပ်များ ချထားတာကို မဇ္ဈိမ သတင်းဌာက စုံစမ်းတွေ့ရှိခဲ့သည်။

ဒီအပြင် ယနေ့ စောင့်ကြပ်ကြည့်ရှုခြင်း (Facility Quarantine) စင်တာတခုမှ သတ်မှတ် ထားသည့် ကာလ ၁၄ ရက်ပြည့်ပြီး အိမ်ပြန်ခွင့်ရသူ အသက် ၂၆ နှစ်အရွယ် လူငယ် တစ် ဦးက “အခုလိုထွက်လာ တော့ ဝမ်းသာတာပေါ့။ အိမ်နီးနားချင်းတွေလည်း သံသယ မဖြစ် တော့ဘူး အေးအေးဆေး ဆေး နေထိုင်သွားလာလို့ ရသွားပြီး”လို့ ပြောသည်။

သူက ဆက်ပြီးတော့ ကျနော့် ရန်ကုန်ကနေ ပြန်ရောက်တော့ အုပ်ချုပ်ရေးမှူး ကို အကြောင်း ကြားပြီးနောက် လွိုင်ကော် သူနာပြု သားဖွား သင်တန်းဆောင်မှာ ဖွင့်လှစ် ထားတဲ့ စင်တာကို ရောက်ရှိလာတာ ဖြစ်ကြောင်း သူက ဆိုသည်။

လွိုင်ကော်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာထွန်းနေဝင်းက “ ကျေး ရွာရောက်ရင် ရပ်ကွက် ကျေးရွာတွေက သူသည် မြန်မာနိုင်ငံ ပြန်ရောက်တဲ့ အချိန်ကနေ ၁၄ ရက်တိတိ နေခဲ့ပြီးပြီဆိုတဲ့ အတွက်ကြောင့် သူ့ကို စိတ်ချလက်ချနဲ့ လက်ခံမယ်ပေါ့။ သို့မဟုတ်ဆိုရင်တော့  ရပ်ကွက်ကျေးရွာတွေက အခု ရွာထဲကို အဝင်မခံတာတို့၊ ဘာတို့ ရှိတယ်။ အဲဒါကြောင့် သက်သေခံ လက်မှတ်နဲ့ဆိုရင် ရပ်ရွာကလည်း စိတ်ချရတာပေါ့။” လို့ ရှင်းပြသည်။

စောင့်ကြည့်စင်တာမှ ပြန်သွားသူများအနေနှင့် လူစုလူဝေးရှောင်ရန်၊ မလွှဲ မရှောင်သွား ရပါကနှာခေါင်းစည်းတပ်ရန်နှင့်  လက်ဆေးရန် ကျန်းမာရေး အသိပေးမှု များ ပြု လုပ် ပေးခဲ့ကြောင်း သိရသည်။

ဆရာဝန်ထောက်ခံချက်အရ  ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများကို လည်းကောင်း၊ စုံစမ်းဖော်ထုတ်၍ သတ်မှတ်ထားခဲ့သည့် အသွားအလာကန့်သတ်ခြင်း၊ ( သို့မဟုတ် ) တာမြစ်ခြင်း ပြုလုပ်သော နေရာများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပေးထားသော လုပ်ငန်းလမ်းညွန်များနှင့်အညီ ရောဂါ လက်က္ခဏာ ပေါ်ပေါက်ခြင်း ရှိမရှိ ၁၄ ရက် စောင့်ကြည့်လျက်ရှိရာ ဖော်ပြပါ ပုဂ္ဂိုလ်သည် အဆိုပါ နှင့်အညီ လိုက်နာ ဆောင်ရွက်ပြီး ဖြစ်ပါကြောင်း ရေးသားထားသည်။

ပြည်ပမှ ပြန်လည် ဝင်ရောက်လာသူများကို  လွိုင်ကော် သူနာပြုသားဖွား သင်တန်း ကျောင်းအပြင် သာသနာ့ဗိမာန်နှင့် အား/ကာသိပ္ပံကျောင်းတို့တွင်လည်း Facility Quarantine စင်တာများ ဖွင့်လှစ်ထားကြောင်း သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required