ပျံ့နှံ့လွယ်တဲ့ ကိုရိုနာ ဆေးနည်းမှားတွေအတွက် အမှား၊ အမှန်ဝေခွဲနည်း

ပျံ့နှံ့လွယ်တဲ့ ကိုရိုနာ ဆေးနည်းမှားတွေအတွက် အမှား၊ အမှန်ဝေခွဲနည်း

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

COVID-19 ကိုရိုနာ ဗိုင်းရပ်စ်ကို ကာကွယ်ဖို့၊ တားဆီးဖို့ သက်ဆိုင်ရာကျန်းမာရေးဝန်ထမ်းတွေ စွန့်စားကြိုးပမ်းနေရချိန်မှာ လူထုကြား လွှမ်းခြုံလာတဲ့ ပြဿနာက ဆေးနည်းအမှားတွေပါ။

သတင်းမှား၊ သတင်းတုတွေ ခေတ်စားလာတာ အဆန်းမဟုတ်တော့ပေမယ့် ကျန်းမာရေး နဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက်တွေကတော့ လူ့အသက်တွေကို အဆိပ်မခတ်မိစေဖို့ အရေးကြီးပါတယ်။ ခုဆို အရင်းအမြစ်သေချာ မသိရတဲ့၊ အခြေအမြစ်မရှိသေးတဲ့၊ အာမခံချက်မရှိတဲ့ ဆေးနည်း၊ ဆေးဝါးတွေ ဘယ်လောက်များ ပျံ့နှံ့နေပြီလဲမသိ။

အခုပဲ တမာရွက် အပါအဝင် သဘာဝဆေးဖက်ဝင် အရွက်တွေကို အချိုးအဆမသိ၊ ဘေးထွက်ဆိုးကျိုးမသိ၊ ကိုရိုနာ တကယ်ကာကွယ် မကွယ် မသိဘဲ ကိုယ့်သဘောနဲ့ကိုယ် ပမာဏများများ နေ့စဉ်ပြုတ်သောက်နေကြတာ တွေ့ရပါတယ်။ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်တတ်တာ မှန်ပေမယ့် ဒီကာကွယ်နိုင်စွမ်းကို သုတေသနတွေ့ရှိချက် အတည်ပြုထားတာ မရှိသလို ဘေးကင်းမကင်း လည်း ဘယ်သူမှမသိနိုင်ပါဘူး။ ဥပမာပြောရရင် တမာကို အလွန်အကျွံသောက်သုံးရင် ကျောက်ကပ်ပျက်စီးတတ်ပါတယ်။

သဘာဝဆေးကိုမှ သုံးချင်တယ်ဆို သူများအပြောနဲ့ ကိုယ့်ဘာသာရမ်းကုတာထက် တရားဝင်အသိအမှတ်ပြု တိုင်းရင်းဆေးပညာကိုသာ အားကိုးပါ။ အနောက်တိုင်းဆေးပညာပဲ ဖြစ်စေ၊ တိုင်းရင်းဆေးနည်းပဲဖြစ်စေ တတ်ကျွမ်းသူရဲ့ ညွှန်ကြားချက်အရသာ သုံးစွဲတာ ဘေးအကင်းဆုံးပါ။

ဆေးနည်းအမှားတွေ၊ သတင်းမှား တွေ ကို  ဘယ်လို ဝေခွဲရမလဲ

(၁) ခဏရပ်ပြီး စဉ်းစားပါ

သတင်းတစ်ခုတွေ့တာနဲ့ ကိုယ်ခင်မင်ရသူ၊ ချစ်ခင်ရသူတွေကို အရင်ဆုံးမျှဝေဖို့၊ အသိပေးဖို့ လက်မြန်တတ်ကြပါတယ်။ လူမှုကွန်ရက် အင်တာနက်မှာပဲ ဖြစ်ဖြစ်၊ အပြင်အရပ်စကားပဲ ဖြစ်ဖြစ် သတင်းတစ်ခု ကြားကြားချင်း ချက်ချင်းပြန်မဖြန့်မိပါစေနဲ့။

ခဏလေး ရပ်တန့်ပြီး ပြန်စဉ်းစားပါ။

(၂) အရင်းအမြစ်ကို ဆန်းစစ်ပါ

ဒီသတင်းက ဘယ်ကရတာလဲ၊ ဘယ်သူကပြောတာလဲ၊ ဘယ်သတင်းဌာနက တင်တာလဲ။ ခိုင်မာ စိတ်ချရတဲ့ နေရာက ထုတ်ပြန်တဲ့သတင်းလား၊ ကျန်းမာရေးဌာနတွေ၊ ပညာရှင်တွေက ပြောတာလား။

ဒါမှမဟုတ် သူငယ်ချင်းရဲ့ သူငယ်ချင်းက တဆင့်ပြောပြတာလား၊ အိမ်နီးချင်းရဲ့ အမေရဲ့ မိတ်ဆွေက ပြောခဲ့တာလား၊ အွန်လိုင်းပေါ်က အမည်မသိပညာရှင် ဆိုသူက ဖြန့်လိုက်တာလား။  ယုံကြည်စိတ်ချရတဲ့ သတင်းရင်းမြစ် မဟုတ်ဘူးဆိုရင် တခြားလူကို ပြန်မဖြန့်ပေးပါနဲ့တော့။

အသေချာဆုံးက ကျန်းမာရေးဝန်ကြီးဌာန၊ အစိုးရဌာနတွေ၊ လူသိများတဲ့ ကျန်းမာရေးပညာရှင်တွေ၊ တိကျခိုင်မာတဲ့ သတင်းဌာနတွေကို နားစွင့်ပါ။ ပြည်ပကဆို ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အမေရိကန်ကျန်းမာရေးဌာနတွေ၊ စတဲ့ သတင်းဝဘ်ဆိုက်တွေမှာ သွားရှာ‌ဖွေပါ။

(၃) သတင်းမှား များဖြစ်နေမလား

ကြည့်ရတာတော့ ဟုတ်မလိုလိုပါပဲ။ သေချာဖတ်ကြည့်၊ ယုတ္တိရှိမရှိ ဆန်းစစ်ကြည့်၊ ပြန်ကြည့်မယ်ဆို ဒီလို သံသယတော့ ဝင်တတ်ရပါမယ်။ ဒီသတင်းကို မှတ်ထားပြီး တခြားယုံကြည်ရတဲ့ သူတွေ၊ ဝဘ်ဆိုက်တွေမှာ သွားရှာကြည့်ပါ။ အလွယ်တကူ ရှာမရသေးဘူးဆို သတင်းမှားဖြစ်ဖို့များပါတယ်။

နောက်တစ်ချက်က ကွန်မန့်တွေထဲ ဖတ်ကြည့်ပါ။ အမှန်ကိုသိနေသူတွေရဲ့ မှတ်ချက်စကားတွေကနေလည်း အကဲခတ်လို့ရနိုင်ပါတယ်။

(၄) အမှန် ဟုတ်မဟုတ် မသေချာရင် တခြားသူကို ထပ်မဖြန့်ပါနဲ့

မှန်ရင် မှန်နိုင်တယ်၊ မသေချာဘူး၊ ဘယ်သူကပြောတာပဲ ဆိုတာလောက်နဲ့တော့ ကိုယ်ကပြန်မဖြန့်ဝေပေးပါနဲ့။ ကိုယ်မျှဝေလိုက်တဲ့ သတင်းမှားက အများအတွက် အဆိပ်အတောက်ဖြစ်စေမယ့် အရာဆို ကိုယ်လည်း တရားခံဖြစ်နေနိုင်ပါတယ်။

ဘယ်သူ့ကို ယုံကြည်ရမလဲ

COVID-19 နဲ့ ပတ်သက်တဲ့ ကျန်းမာရေး သတင်းအချက်အလက်တွေ အတွက် အကောင်းဆုံးအရင်းအမြစ်တွေ ကတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဝဘ်ဆိုက်၊ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနဲ့ အစိုးရထုတ်ပြန်ချက်တွေ၊ တရားဝင်သတင်းစာမျက်နှာတွေ ဖြစ်ပါတယ်။

 

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။