မိခင် ဘဝရဲ့ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေကို ဘယ်လိုရင်ဆိုင်ကျော်လွှားမလဲ

မိခင် ဘဝရဲ့ စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေကို ဘယ်လိုရင်ဆိုင်ကျော်လွှားမလဲ

ရေးသားသူ Yun Sandi Nan Mon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

မိခင် လောင်းဘဝ ရောက်တဲ့အချိန်မှာ ခန္ဓာကိုယ်ကဟော်မုန်းတွေအများကြီးထုတ်ပေးပါတယ်။ အဲဒီဟော်မုန်းတွေက ခန္ဓာကိုယ်ကိုရော စိတ်ပိုင်းဆိုင်ရာကိုပါ သက်ရောက်မှုရှိတာမို့ စိတ်ထဲမှာ ပင်ပန်းနွမ်းနယ်တာ၊မေ့လျော့တတ်လာတာ၊ စိတ်အတက်အကျမြန်တာတွေဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ရလာတဲ့အခါ ကိုယ်ခန္ဓာမှာဖြစ်လာတဲ့အပြောင်းအလဲတွေ ၊ လက္ခဏာတွေ၊ ငွေရေးကြေးရေးစိုးရိမ်ပူပန်စရာတွေလိုမျိုးအရာတွေမှာ အာရုံစိုက်နေမိ နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးမီးဖွားပြီးနောက်ပိုင်း စိတ်အပြောင်းအလဲဖြစ်တယ် ဆိုတာ မိခင်တော်တော်များများ ကြုံတွေ့ရတဲ့ကိစ္စတစ်ခုပါ။ ဒီအခြေအနေမျိုးဆိုတာ သေချာမကုသရင် မိသားစုတစ်ခုလုံးရဲ့ သာယာပျော်ရွှင်မှုကို ထိခိုက်လာစေနိုင်တဲ့ ဆိုးရွားတဲ့စိတ်ကျဝေဒနာအထိ ဖြစ်လာနိုင်ပါတယ်။ စိတ်အပြောင်းအလဲတွေကြောင့် ဒီလိုရလဒ် မဖြစ်ရအောင် သင့်အတွက် အထောက်အကူဖြစ်စေမယ့် အချက်လေးတွေကို ဖော်ပြလိုက်ပါတယ်။

မိခင် လောင်းတစ်ယောက် ဖြစ်လာရတဲ့ အတွေ့အကြုံက အကောင်းဘက်ရော အဆိုးဘက်မှာပါ စိတ်ခံစားချက်တွေ ပြင်းထန်လာစေပါတယ်။ တချို့က စိတ်ဓါတ်ကျလာတယ်၊ စိုးရိမ်စိတ်လွန်ကဲလာတယ်။ အမျိုးသမီး အတော်များများမှာ ကိုယ်ဝန် ၆ ပတ်ကနေ ၁၀ ပတ်လောက် အတွင်း စိတ်အတက်အကျမြန်တာ တွေခံစားရတတ်ပြီး ကိုယ်ဝန်ဒုတိယပတ်မှ ာသက်သာသွားပေမယ့် မွေးရက်နီးလာရင် ပြန်ဖြစ်လာတတ်ပါတယ်။
Baby Blue ကာလ

ကလေး မွေးဖွားပြီးကာစ ရက်ပိုင်းအတွင်းမှာလည်း မေမေတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာ ပေါ်လာနိုင်ပါသေးတယ်။ အိပ်မရတာ၊ စိတ်ဆတ်လာတာ၊ မျက်ရည်လွယ်တာ၊ အခု ပျော်ရွှင် ခဏနေ ဝမ်းနည်းတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ လူ့လောကထဲ ရောက်ကာစ ကလေးငယ်အတွက် လိုအပ်သမျှတွေရယ်၊ ဆွေမျိုးတွေက ကလေးကြည့်ဖို့ အလည်လာကြချိန် နဲ့ မိသားစုရဲ့ တခြားလိုအပ်ချက် တွေက မိခင်တစ်ယောက်ရဲ့ စိတ်သောကတွေထဲ ပါဝင်ပါတယ်။ ဒါ့ကြောင့် မွေးပြီး လေးရက်မြောက် နေ့လောက်မှာ” baby blues” လို့ခေါ်တဲ့ ကလေးမွေးပြီးဖြစ်တတ်တဲ့ စိတ်ဓါတ်ကျဝေဒနာ အရှိန်တက်လာ လေ့ရှိပြီး ၂ ပတ်မပြည့်ခင် အတွင်း ပြန်သက်သာသွားလေ့ ရှိပါတယ်။

အိပ်လို့ မရတဲ့ ညတွေ၊ ကလေးကို စောင့်ရှောက်ဖို့ စိတ်ပူပန်မှုတွေ၊ အနီးကပ်တာဝန် အားလုံး ကိုယ့်ပခုံးပေါ် ရောက်လာတာ စတဲ့ စိန်ခေါ်မှုတွေ ရှိလာမှာ ကတော့ သဘာဝပါပဲ။ ဒါ့ကြောင့်ပဲ ကလေးမွေးကာစ မေမေတွေ ၈၀ ရာခိုင်နှုန်းလောက်က” baby blues” ကို ကြုံတွေ့ဖူးပါတယ်။ ဒီလိုကြုံလာရင် မိခင်ဘဝရဲ့ ရှောင်လွှဲမရတဲ့ စိန်ခေါ်မှုတွေကို မိခင်မေတ္တာ ပြည့်ဝစွာနဲ့ ဉာဏ်ရှိရှိ ရင်ဆိုင် ဖြေရှင်းနိုင်ဖို့ အရေးကြီးပါတယ်။
ဘာလက္ခဏာတွေ ရှိမလဲ

မေမေတို့မှာ  –

  •     အကြောင်းရင်း မည်မည်ရရ မရှိဘဲ ငိုကြွေးခြင်း
  •     စိတ်မရှည်ခြင်း
  •     စိတ်တို စိတ်ဆတ်ခြင်း
  •     ဂနာမငြိမ်ဖြစ်ခြင်း
  •     စိုးရိမ်သောက ဖြစ်နေခြင်း
  •     မောပန်းနွမ်းနယ်ခြင်း
  •     အိပ်မပျော်ခြင်း (ကလေးအိပ်ပျော်နေချိန်တောင်မှ)
  •     ဝမ်းနည်းနေခြင်း
  •     စိတ်အပြောင်းအလဲမြန်ခြင်း
  •     အာရုံစူးစိုက်မရခြင်း စတဲ့ လက္ခဏာတွေ ရှိနိုင်ပါတယ်။

ဒီလို baby blues ဖြစ်စေနိုင်တဲ့ ဟော်မုန်းပြောင်းလဲမှု တွေကို မတားဆီးနိင်ပေမယ့် ဆင်ခြင်နေထိုင်မှုမရှိဘဲ ကြာလာရင် နောက်ပိုင်းဖြစ်လာနိုင်တဲ့ မီးဖွားပြီးစိတ်ကျဝေဒနာ (postpartum depression -PPD) ကိုတော့ ကြိုတင်ကာကွယ်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်တွေနဲ့ မီးဖွားထားတဲ့ မိခင် တွေကိုပြုစုစောင့်ရှောက်ရမယ့် အကောင်းဆုံးနည်းလမ်းက စိတ်ပိုင်းဆိုင်ရာအပြောင်းအလဲပြဿနာတွေကို လျော့ပါးသက်သာစေဖို့ပဲ ဖြစ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေရှိနေပြီ ဆိုရင် မိခင်လောင်းတွေ၊ အသစ်စက်စက် မိခင် တွေအနေနဲ့ ဘယ်လိုလုပ်ကြမလဲ။
ကိုယ့်ကို စိတ်ချမ်းသာစေတဲ့ အရာတစ်ခုခု ကို လုပ်ပါ

ခင်ပွန်း သို့မဟုတ် ကိုယ့်အတွက်၊ မိသားစုအတွက် ရည်ရွယ်ပြီး တစ်ခုခုကို ပြီးမြောက်အောင် လုပ်ပါ(ဥပမာ- သိုးမွေးထိုးတာမျိုး)။ တရေးအိပ်တာ၊ လမ်းလျှောက်ထွက်တာ၊ သူငယ်ချင်းနဲ့ ရုပ်ရှင်သွားကြည့်တာ မျိုးလည်းလုပ်ပေးပါ။
အာဟာရ ညီမျှတဲ့ အစားအစာတွေကိုပဲ စားပါ

ကိုယ်ဝန်နဲ့ ဆို ဟိုဟာစားချင်၊ ဒီဟာစားချင် ဖြစ်လာတတ်ပြီး မှန်မှန်ကန်ကန်မစားဖြစ်တော့ပါဘူး။ ကာဗိုဟိုက်ဒရိတ်အစားအစာတွေစားလွန်းရင် စိတ်အပြောင်းအလဲတွေကို ပိုဆိုးစေနိုင်ပါတယ်။

ကိုယ်ဝန်ရှိလာတဲ့အခါ ခန္ဓါကိုယ်က ကိုယ်ဝန်အတွက်အသင့်ဖြစ်စေဖို့သွေးထဲမှာ အက်စထရိုဂျင်နဲ့ပရိုဂျက်စတရုန်းဟော်မုန်းပမာဏတိုးလာပါတယ်။ဟော်မုန်းပမာဏအပြောင်းအလဲကြောင့် စိတ်အခြေအနေမတည်ငြိမ်မှုတွေဖြစ်လာတတ်ပါတယ်။
ကိုယ့်အတွေးတွေနဲ့ခံစားချက်တွေကို စာအုပ်ထဲချရေးထားပါ။

ကလေးမွေးပြီးနောက်ပိုင်းမေမေတို့စကားဝိုင်း၊မေမေတို့တွေ့ဆုံပွဲတွေမှာ ပါဝင်နိုင်အောင်ကြိုးစားပါ။မွေးကင်းစကလေးငယ်ကိုပြုစုစောင့်ရှောက်ရတဲ့စိန်ခေါ်မှုတွေကို ဘဝတူမိခင်တွေလောက် ဘယ်သူမှမသိ နားမလည်နိုင်ပါဘူး။
အပြင်လည်း ထွက်ပါ

ကလေးအနှီးတွေ၊အသုံးအဆောင်တွေဝိုင်းဝိုင်းလည်နေတဲ့ ပတ်ဝန်းကျင်ကနေ အပြင်ထွက်ပြီး လေကောင်းလေသန့်ရှူပေးပါ။ တခါတလေကျတော့ ခဏလောက်ပဲဖြစ်ဖြစ် ပုံမှန်ဘဝနဲ့ကွဲထွက်နေတဲ့မြင်ကွင်းက အတော်လေးစိတ်ပေါ့ပါးစေနိုင်ပါတယ်။
ကိုယ့်ခံစားချက်ကို ပွင့်ပွင့်လင်းလင်းပြောပြပါ။

ဒီလိုပြောပြခြင်းအားဖြင့် အနည်းဆုံး ခဏလောက်တော့ အထောက်အကူဖြစ်စေနိုင်ပါတယ်။ ခင်ပွန်းဖြစ်သူနဲ့နားလည်မှုရယူထားဖို့လိုအပ်သလို အချင်းချင်းဘယ်လိုအားပေးဖေးမနိုင်သလဲဆိုတာ အဖြေရှာပါ။ တခါတလေမှာ မိသားစုထဲကမဟုတ်တဲ့ပြင်ပမိတ်ဆွေတွေနဲ့စကားစမြည်ပြောဆိုတာပိုကောင်းပါတယ်။
ခင်ပွန်းအတွက် အချိန်ပေးပါ။

ကိုယ်က စိတ်ဖိစီးနေမယ်၊ ပင်ပန်းနေမယ်၊အချင်းချင်း အချိန်သိပ်မပေးနိုင်ဘူးဆိုရင် ဇနီးမောင်နှံကြားကဆက်ဆံရေးကို ထိခိုက်နိုင်ပါတယ်။ ကလေးပြုစုစောင့်ရှောက်ရာမှာသင်တို့နှစ်ဦးအတူတာဝန်ယူကြမယ်ဆိုရင် စိတ်ဖိစီးမှုနဲ့ ပင်ပန်းမှုတွေလျော့ပါးသွားမှာပါ။

ကိုယ်ခံစားနေရတဲ့အရာမှန်သမျှကို တစ်ယောက်တည်း ကြိတ်မခံစားဖို့ အရေးကြီးပါတယ်။ ကလေးမွေးပြီးဖြစ်လာတဲ့စိတ်ဓါတ်ကျဝေဒနာတွေက ၁၄ ရက်ထက်ပိုကြာလာတယ်ဆိုရင်တော့ မီးဖွားပြီးစိတ်ကျဝေဒနာ (postpartum depression -PPD) လိုမျိုး ပိုပြင်းထန်တဲ့ရောဂါအခြေအနေအထိဖြစ်လာနိုင်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly