COVID-19 ကူးစက်ခံရသူများထဲက ရောဂါပိုး မတွေ့တော့သူ မြန်မာနိုင်ငံမှာ ပထမဆုံးရှိလာ

COVID-19 ကူးစက်ခံရသူများထဲက ရောဂါပိုး မတွေ့တော့သူ မြန်မာနိုင်ငံမှာ ပထမဆုံးရှိလာ
ပုံ- COVID-19 ကာကွယ်ရေး PPE ဝတ်စုံဝတ်ကာ ဆောင်ရွက်ပေးနေသူ(ပုံ-သူရ မဇ္ဈိမ)

ရန်ကုန်၊ ဧပြီ ၆

မန္တလေးတိုင်းဒေသကြီး၊ မန္တလေး ကန်တော်နဒီဆေးရုံတွင် တက်ရောက် ကုသနေသည့် COVID-19 အတည်ပြု လူနာ နံပါတ် ၄ သည် ကျန်းမာရေးစောင့်ရှောက်မှုများ ခံယူပြီးနောက် လေးကြိမ်မြောက် စစ်ဆေးရာ ရောဂါပိုးမရှိ(negagive) ကြောင်း ပြသခြင်းကြောင့် ပထမဆုံး ရောဂါပိုး မတွေ့သူဖြစ်လာကြောင်း သိရသည်။

လူနာနံပါတ် ၄ အား COVID-19 ရောဂါပိုး ရှိ/မရှိကို  ၅ ရက် တစ်ခါ စစ်ဆေးခဲ့ပြီး စုစုပေါင်း လေးကြိမ် စစ်ဆေးခဲ့ရာမှာ တတိယအကြိမ်နှင့် စတုတ္ထအကြိမ်တို့တွင် ရောဂါပိုး မတွေ့ရှိသည့် အဖြေကို ရရှိခဲ့ခြင်းဖြစ်ကြောင်း မန္တလေးပြည်သူ့ ဆေးရုံကြီးမှ ဆေးရုံအပ်ကြီး ဒေါက်တာစုစုဒွေးက မဇ္ဈိမသို့ ပြောသည်။

မန္တလေးပြည်သူ့ဆေးရုံကြီးရဲ့ ဆေးရုံအုပ်ကြီး ဒေါက်တာစုစုဒွေးက "တကယ်တော့ home quarantine ထားရမှာ သူ့အိမ် မှာလည်း အဆင်မပြေမှာစိုးလို့ အစ်မတို့က ဆေးရုံက အဆင်ပြေနေတော့ ဆေးရုံကနေ hospital quarantine လိုမျိုး ဆက်ထားဖို့တော့ စိတ်ကူးထားတာပေါ့နော်။ WHO လမ်းညွန်ချက်အတိုင်းပဲ ကော်မတီက စဉ်းစား ဆုံးဖြတ်ပြီးတော့ ထား မှာပါ"ဟု ပြောသည်။

ရောဂါပိုး မတွေ့ရှိကြောင်း ပြသသော်လည်း အိမ်ကို မပြန်ခိုင်းသေးဘဲ ၂ ပတ်လောက် စောင့်ကြည့်ဦးမည်ဖြစ်ကြောင်း သိရသည်။

ဒေါက်တာ စုစုဒွေးက "ပြန်တော့ မပြန်ခိုင်းသေးဘူး။ ဒီမှာ ၂ ပတ်လောက် နေခိုင်းဦးမယ်လို့ စဉ်းစားထားတယ်။ အတည် တော့ မပြုရသေးဘူး"ဟု ပြောသည်။

ဆေးရုံဆင်းခွင့် သတ်မှတ်ချက်ဖြစ်သည့် ပိုးမတွေ့အဖြေ နှစ်ကြိမ်ဆက်တိုက် တွေ့ရှိခြင်း၊ သတ်မှတ်ထားသည့် အဖျား ကြာမြင့်ချိန် အရေအတွက်၊ တိုးတက်လာသည့် အဆုတ်လက္ခဏာ စသည့် အခြေအနေများနှင့် ပြည့်စုံပါက ဆေးရုံက ဆင်းခွင့်ရမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ လူနာနံပါတ် ၄ သည် မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုး ကူးစက်ခံရသူ ၂၀၂၀ ခုနှစ်၊ ဧပြီ ၆ ရက်နေ့အထိ ၂၁ ဦးရှိသည့်အနက် ပထမဆုံး ရောဂါပိုး မတွေ့ရှိကြောင်း ပြသကာ သက်သာလာသော လူနာဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဧပြီလ ၆ ရက် မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်(ခေါ်) COVID-19 ရောဂါကူးစက်ခံရသူ လူနာ ၂၁ ဦး ရှိသည့်အနက် ၁ ဦးမှာ ရောဂါအခံကြောင့် မတ်လ ၃၁ ရက်က သေဆုံးသွားကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန် ချက်များ အရသိရသည်။

COVID-19 ရောဂါပိုး မတွေ့တော့ကြောင်း စစ်ဆေးမှုအရ သိရသော လူနာနံပါတ် ၄ သည် မြန်မာပြည်ဖွား အမေရိကန် နိုင်ငံသား တစ်ဦးဖြစ်ပြီး ၂၀၂၀ ခုနှစ်၊ မတ်လ ၅ ရက်က အမေရိကန် ပြည်ထောင်စုသို့ သွားရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံ သို့ မတ်လ ၁၉ ရက်တွင် ပြန်လည်ရောက်ရှိခဲ့သည်။

ထို့နောက် မတ်လ ၂၅ ရက်နေ့ နံနက်တွင် ချောင်းဆိုးပြီး လည်ချောင်း နာလာသည့်အတွက် ဆေးရုံသွားပြရာက မတ်လ ၂၇ ရက်တွင် COVID-19 ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထိုလူနာသည် မန္တလေးမြို့တွင် ပထမဆုံး COVID-19 ကူးစက်ခံရသော လူနာဖြစ်ကြောင်း သိရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required