တောင်တရုတ်ပင်လယ်တွင် နောက်ထပ်ကင်းလှည့်မှုများပြုလုပ်ရန် အမေရိကန်ရေတပ်စီစဉ်

တောင်တရုတ်ပင်လယ်တွင် နောက်ထပ်ကင်းလှည့်မှုများပြုလုပ်ရန် အမေရိကန်ရေတပ်စီစဉ်

ဝါရှင်တန်၊ နိုဝင်ဘာ၃ ။           ။ နိုင်ငံတကာဥပဒေအရ အမေရိကန်တွင် အခွင့်အရေးရှိကြောင်း တရုတ်နှင့် အခြားနိုင်ငံများကို သတိပေးရန် တောင်တရုတ်ပင်လယ်ရှိ လူလုပ်ကျွန်းများ၏ ရေမိုင် ၁၂ မိုင်အတွင်း သုံးလလျင် နှစ်ကြိမ်ခန့် ကင်းလှည့်ရန် အမေရိကန်ရေတပ်က စီစဉ်လျက်ရှိသည်ဟု အမေရိကန်ကာကွယ်ရေးအရာရှိတစ်ဦးက နိုဝင်ဘာ ၂ တွင်ပြောကြားသည်။

"ကျွန်တော်တို့ သုံးလကို နှစ်ကြိမ် ဒါမှမဟုတ် ဒီထက်နည်းနည်းပိုပြီးတော့လည်း ကင်းလှည့်မှာပါ"ဟု ၎င်းအရာရှိက ပြောသည်။ "မှန်မှန်ပြုလုပ်ဖို့ ဒါက လုံလောက်မှုရှိပါတယ်။ဒါဟာ နိုင်ငံတကာဥပဒေအရ ကျွန်တော်တို့ရဲ့အခွင့်အရေးကို မှန်မှန်အသုံးချဖို့ ရည်ရွယ်ချက်နဲ့ ကိုက်ညီပါတယ်။ နောက်ပြီး တရုတ်နဲ့ အခြားနိုင်ငံတွေကို ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ကို သတိပေးတာပါ"ဟု ၎င်းကပြောသည်။

ဒေသတွင်းတွင် လွတ်လပ်စွာမောင်းနှင်နိုင်သည့် အမေရိကန်၏ အခွင့်အရေးကို နောက်ထပ်ပြသမှုများရှိလာမည်ဖြစ်ကြောင်းလည်း အမေရိကန်အမျိုးသားလုံခြုံရေး ဒု-အကြံပေး ဘင်ရုတ်ဒ်က နိုဝင်ဘာ၂ တွင်ပြောကြားခဲ့သည်။ "ဒါက ကျွန်တော်တို့ရဲ့ အကျိုးစီးပွားပါ။ လွတ်လပ်စွာမောင်းနှင်ခွင့်ရှိတယ်ဆိုတဲ့ မူကို ကျွန်တော်တို့ဆုပ်ကိုင်ထားမယ်ဆိုတာ ပြသဖို့ရှိပါတယ်"ဟု ၎င်းက Defence One မီဒီယာ သို့ပြောသည်။

လွန်ခဲ့သည့်သီတင်းပတ်က တောင်တရုတ်ပင်လယ်ရှိ တရုတ်၏ လူလုပ်ကျွန်းတစ်ခုအနီး အမေရိကန်၏ ပဲ့ထိန်းဒုံးတင် ဖျက်သင်္ဘောတစ်စင်း ကင်းလှည့်ပြီးနောက် တစ်ပတ်အကြာ ရုတ်ဒ်၏ ပြောကြားမှု ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

အမေရိကန်က အငြင်းပွားရေပြင်တွင် ၎င်း၏ရန်စမှုများကို မရပ်တန့်ပါက အသေးအဖွဲဖြစ်ရပ်ကလေးပင် စစ်ပွဲကြီးအထိဖြစ်သွားနိုင်ကြောင်း တရုတ်ရေတပ်အကြီးအကဲက အမေရိကန်ရေတပ် အကြီးအကဲကို လွန်ခဲ့သည့် သီတင်းပတ်က ပြောကြာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required