King ပေါက်စီဆိုင်က COVID-19 စောင့်ကြည့်လူနာ ဆေးရုံမှပြန်ဆင်းခွင့်ရ

King ပေါက်စီဆိုင်က COVID-19 စောင့်ကြည့်လူနာ ဆေးရုံမှပြန်ဆင်းခွင့်ရ
ပုံ- quarantine အဖြစ် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ပြင်ဆင်နေကြ(ပုံ- သူရ မဇ္ဈိမ)

ရန်ကုန်၊ ဧပြီ ၆

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် King ပေါက်စီဆိုင်တွင် လုပ်ကိုင်လျက်ရှိသည့် စောင့်ကြည့်လူနာအဖြစ် ဆေးရုံ တင်ထားရသော မိန်းကလေးတစ်ဦး၏ ဆေးစစ်ချက်အဖြေမှာ Negative ဖြစ်သည့်အတွက် ယနေ့(ဧပြီ ၆)ရက်တွင် ရန်ကုန်အနောက်ပိုင်းဆေးရုံကြီးမှ ပြန်လည် ဆင်းသက်လာပြီဖြစ်ကြောင်း စမ်းချောင်းမြို့နယ် ကျန်းမာရေး ဦးစီးမှူး ဒေါ်မိမိခိုင်က မဇ္ဈိမသို့ ပြောသည်။

ထိုမိန်းကလေးသည် ဧပြီ ၂ ရက်နေ့ ညပိုင်းက စမ်းချောင်းမြို့နယ် မြေနီကုန်းတောင်ရပ်ကွက်ရှိ King ပေါက်စီဆိုင်သို့ တာဝန်လွှဲပြောင်းချိန် ရုတ်တရက် လဲကျသွားသဖြင့် COVID -19 ရောဂါပိုး ရှိ/မရှိ စောင့်ကြည်ရန် ရန်ကုန်အနောက်ပိုင်း ဆေးရုံကြီးသို့ စောင့်ကြည့်လူနာအဖြစ် ပို့ဆောင်ခဲ့ရသူ ဖြစ်သည်။

စမ်းချောင်းမြို့နယ် ကျန်းမာရေး ဦးစီးမှူး ဒေါ်မိမိခိုင်က “ဒီနေ့ ဆေးရုံဆင်းပြီ ကြားတယ်။ အဖြေက Negativeပဲ”ဟု ပြော သည်။

ရန်ကုန်အနောက်ပိုင်း ဆေးရုံကြီးသို့ စောင့်ကြည့်လူနာအဖြစ် ပို့ဆောင်ခဲ့ရသော King ပေါက်စီဆိုင်မှ မိန်းကလေးသည် ဧပြီ ၆ ရက်နေ့ နေ့လယ် ၁၂ နာရီက ဆေးရုံကနေ ဆရာဝန် လက်မှတ်ဖြင့် ဆင်းလာခဲ့ပြီး ဖြစ်ကြောင်း King ပေါက်စီဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

King ပေါက်စီဆိုင်မှ တာဝန်ရှိသူတစ်ဦးက “သူက ရိုးရိုးဖျား တာဆိုတော့ အခု ဘာအဖျားမှ မရှိတော့ဘူးလေ။ အဓိကက သူ့ကို အာဟာရ ရှိတာ ကျွေးဖို့ပဲ။ ရောဂါလည်း မရှိတော့ဘူးဆိုတော့ ဆရာဝန်ကတွေကလည်း ဆေးရုံဆင်း လက်မှတ်တွေ ဘာတွေထုတ်ပြီး ဆရာဝန်တွေ ဟောပြောချက်နဲ့ ဆင်းလာတာပါ။ ဒီနေ့ ၁၂ နာရီက ဆင်းတာပါ”ဟု မဇ္ဈိမသို့ ပြောသည်။

ထိုမိန်းကလေးမှာ ရုတ်တရက် မူးလဲကျတာမျိုးဟု သိရသော်လည်း King ပေါက်စီဆိုင်မှ တာဝန်ရှိသူ တစ်ဦးပြောပြချက် အရ အပူရှပ်ပြီး ကိုယ်ပူလာခြင်းကြောင့် ဆေးရုံတင် လိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

“သူက အပြင်က ပြန်ပြန်လာချင်း ရေလည်းမသောက်ဘဲ၊ ရေချိုးခန်း တန်းဝင်ပြီး အဝတ်တွေ၊ ဘာတွေ လျှော်လိုက်တော့ အပူရှပ် သွားတာပေါ့။ ပြီးတော့ သူက ဖုန်းကြည့်တာလည်းများတော့ အိပ်ချိန်မမှန် အစားလည်း ပုံမှန်မစား ဆိုတော့ အားနည်း သွားတာလည်း ပါတယ်”ဟု ၎င်းက ပြောသည်။

ဧပြီ ၂ ရက် ဝန်ထမ်း မိန်းကလေး မူးလဲကျသွားခြင်းကြောင့် ဧပြီ ၃ ရက်နေ့ နံနက်ပိုင်းမှာပဲ King ပေါက်စီဆိုင်တွင် ကျန်ရှိ နေသည့် ဝန်ထမ်းများကို ကျန်းမာရေး စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း၊ ဆိုင်ကိုလည်း ယာယီပိတ်ခဲ့ရကြောင်း၊ လက်ရှိ မှာတော့ ဆိုင်ပြန်လည် ဖွင့်လှစ်ခွင့်ရပြီး ဖြစ်ကာ ပါဆယ်ဖြင့်သာ ရောင်းချလျက်ရှိကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုး ရှိ/မရှိ ဓာတ်ခွဲ စစ်ဆေးခံသူ ၁၂၄၅ ဦးရှိကြောင်း၊ ထိုအထဲမှ အဖြေ negative (ရောဂါပိုး မရှိသူ)ထွက်ခဲ့သူ ၁၂၂၅ ဦးရှိကြောင်း၊ ၂၁ ဦးမှာ COVID-19 ရောဂါပိုး ရှိကြောင်း အဖြေ ထွက် ခဲ့သည်ဟု ၂၀၂၀ ခုနှစ်၊ ဧပြီ ၆ ရက် နံနက် ၉ နာရီထိ ကျန်းမာရေးဝန်ကြီးဌာန ထုတ်ပြန်ချက်များအရ သိရသည်။

COVID-19 ရောဂါပိုး ရှိသူ ၂၁ ဦးအနက် မန္တလေးမြို့ ကန်တော်နဒီဆေးရုံမှာ ဆေးကုသမှုခံယူနေသော လူနာ အမှတ်(၄) သည် ဆေးစစ်မှု လေးကြိမ်ခံယူရာမှာ တတိယအကြိမ်နှင့် စတုတ္ထအကြိမ်များ၏ ဆေးစစ်ချက်အရ negative (ရောဂါပိုး မရှိ) ဟု ပြသကြောင်း ဧပြီ ၆ ရက်က သိရသည်။

ထို့နောက် COVID-19 ရောဂါပိုး ကူးစက်ခံရသူ တခြား တစ်ဦးမှာ မတ်လ ၃၁ ရက် ၎င်းတွင်ရှိသော အခံရောဂါဖြင့် ကွယ်လွန်သွားကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required