ဧပြီလအတွင်း Mask ၆.၃ သန်း ဖြန့်ဝေပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

ဧပြီလအတွင်း Mask ၆.၃ သန်း ဖြန့်ဝေပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော
ပုံ- အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် (ပုံ- အတိုင်ပင်ခံရုံး)

ရန်ကုန်၊ ဧပြီ ၆

ပြည်သူများအတွက် နှာခေါင်းစည်း Mask ၆.၃ သန်းကို ကျန်းမာရေးဝန်ကြီးဌာနက တဆင့် ဖြန့်ဝေ ပေး သွား ရန်ရှိကြောင်း ၂၀၂၀ ခုနှစ်၊ ဧပြီလ ၅ ရက် ညနေပိုင်းက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ သူမ၏ ဖေ့စ်ဘွတ်ခ်အကောင့်တွင် ရေးသား၍ ပြောလိုက်သည်။

လက်ရှိ အစိုးရထံတွင်ရှိသော Mask ၆.၃ သန်းကို ကျန်းမာရေးဝန်ကြီးဌာနမှ မည်သည့် လူပုဂ္ဂိုလ်များကို ပေးသွားမည် ဆိုခြင်းနှင့် ပတ်သက်ပြီး ထုတ်ပြန်ကြေညာသွားမည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ သာထွန်းကျော်က ပြောသည်။

“တကယ် risk ရှိတဲ့သူတွေ၊ လူနာတွေနဲ့ ထိတွေ့မှုရှိတယ် အဲ့လိုလူတွေကို ရွေးချယ်ပြီး ဖြန့်ရမှာ ဖြစ်ပါတယ်။ အဲ့ဒါက ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ သတ်မှတ်ချက်တွေ ဖြည့်စွက်ရဦးမှာပါ။ ဘယ်လိုလူတွေကို ဦးစားပေးပြီး ဖြန့်မလဲဆိုတာ သတ်မှတ်ပြီး ထုတ်ပြန်ပေးသွားမှာ ဖြစ်တယ်”ဟု ၎င်းက ပြောသည်။

ပုံ -  နှာခေါင်းစည်းတပ်ထားသူ တစ်ဦး(ပုံ-မဇ္စျိမ)

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ဧပြီ ၅ ရက်က နှာခေါင်းစည်း Mask ဖြန့်ဝေမှုအပြင် ပိတ်ရက်အတွင်း လက်လုပ် လက်စားများ၏ စားဝတ်နေရေး၊ မီတာခ လျှော့ပေးရေးနှင့် အင်တာနက် သုံးစွဲမှု နှုန်းထား ကောက်ခံမှု လျှော့ပေးရေး တို့ကို လုပ်ဆောင် သွားမည်ဖြစ်ကြောင်း ပြည်သူလူထုကို ရေးသား၍ ရှင်းပြသွားခဲ့သည်။

လတ်တလော COVID-19 ကာလအတွင်း Mask များ အဆမတန် ဈေးတင်ရောင်းနေမှုများ လုံးဝ မလုပ်သင့်ကြောင်း၊ ဥပဒေအရ မကိုက်ညီသည့်အတွက် အရေးယူသွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောသည်။

“ဒီလောက်တောင်မှ ကိုယ့်နိုင်ငံ ကိုယ့်ပြည်သူ ဒုက္ခရောက်နေတဲ့အချိန်မှာ ဘယ်လို ကိုယ့်အတွက် အကျိုးအမြတ် ထုတ်လို့ ရမလဲဆိုတာ ဒါကိုပဲ စဉ်းစားကြတယ်။ အဲ့လိုလူတွေကို အားမပေးပါနဲ့လို့ ပြည်သူတွေကို ကျွန်မ မေတ္တာရပ်ခံ ချင်ပါတယ်။ ဒီလို လူတွေ ရောင်းတယ်ဆိုတာကို သိရင်လည်း သက်ဆိုင်ရာကို အသိပေးပါ အရေးယူမယ်။ ဒါဟာ လုံးဝ သည်းခံလို့ရတဲ့ ကိစ္စ မဟုတ်ဘူး”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် COVID-19 နှင့် ပတ်သက်သည့် လုပ်ဆောင် ချက်များကို ပြည်သူလူထုထံ တိုက်ခိုက် ဆက်သွယ် တင်ပြနိုင်ရန်အတွက် Aung San Suu Kyi ဆိုသော ဖေ့စ်ဘွတ်ခ် အကောင့်ကို ၂၀၂၀ ခုနှစ်၊ ဧပြီ ၁ ရက် ဖွင့်လှစ်ကာ သတင်းအချက်အလတ်များနှင့် အစိုးရ၏ ဆောင်ရွက်မှုများကို ရေးသား အသိပေးလျက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly