ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံး စောင့်ကြည့်ခံ ခွေးလေးဂျက်ကီ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံး စောင့်ကြည့်ခံ ခွေးလေးဂျက်ကီ

ဧပြီ ၆

ကိုရိုနာဗိုင်းရပ်စ် မိသားစုလိုက်ကူးစက်ခံရသည့် နေအိမ်မှ  မြန်မာနိုင်ငံ၏ ပထမဆုံးစောင့်ကြည့်ခံ အိမ်မွေးတိရစ္ဆာန် ခွေးလေး ဂျက်ကီ ကို ရိုးမတောထဲတွင် ၁၄ရက်ထား၍ စောင့်ကြည့်နေကြောင်း ပဲခူးတိုင်း COVID- 19 ကာကွယ်ရေးကော်မတီဥက္ကဌ ဦးထွန်းထွန်းဦး ကပြောသည်။

ပဲခူးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ဝန်ကြီးလည်းဖြစ် ပဲခူးတိုင်း COVID- 19 ကာကွယ်ရေးကော်မတီဥက္ကဌဖြစ်သူ ဦးထွန်းထွန်းဦးက “ခွေးကိုတော့ အခုလောလောဆယ် လူမရှိ တဲ့တောထဲမှာ ထားတယ်။ ၁၄ရက်ထားတယ်။ အဲဒီနေရာကို လူတွေလာကြည့်မှာစိုးလို့ နေရာအတိအကျတော့ မပြောသေးဘူးခင်ဗျ။ ရိုးမတောထဲမှာလို့တော့ပြောတယ်။” ဟု ဆိုသည်။

ခွေးကိုစောင့်ရှောက်ထားသည့်သူကို လည်း သတ်မှတ်ထားသည့် အကွာအဝေးမှနေ၍ စောင့်ရှောက်ရန်မှာကြားထားသည်။ ခွေးကို ၁၄ရက်စောင့်ကြည့်ပြီးပါက စောင့်ရှောက်ပေးသူကိုလည်း ၁၄ရက်စောင့်ကြည့်အဖြစ် ထားရှိ သွားမည်ဖြစ်သည်။

“လောလောဆယ်တော့ ခွေးလည်းကယ်တင်ရာရောက်အောင်၊ ကယ်တင်တဲ့သူလည်း ကူးစက်မှုမရှိအောင် ၁၄ရက်စီတော့ စောင့်ကြည့်ပြီး ကျန်းမာရေးစစ်ဆေးသွားမယ်။ အဲဒါပြီးရင်တော့ပြန်ခေါ်လို့ရမယ်ပေါ့နော်။” ဟု ဦးထွန်းထွန်းဦးက ဆိုသည်။

COVID-19 ရောဂါပိုးတွေ့ရှိသူ နံပါတ် ၁၅ လူနာ၏ ခင်ပွန်းဖြစ်သူ ပေါက်ခေါင်းမြို့နယ် ဒုအုပ်ချုပ်ရေးမှူးအပါအဝင် မိသားစုဝင် ၄ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဧပြီ ၂ရက်နေ့ည ၈နာရီ ထုတ်ပြန်ခဲ့သည်။

ဂျက်ကီဟု အမည်ပေးထားသည့်ထိုခွေးလေးသည် လူနာနံပါတ် ၁၅ ၏ အိမ်မွေးခွေးလေးဖြစ်သည်။

နံပါတ် ၁၅ လူနာ အသက်(၄၅)နှစ်အရွယ်အမျိုးသမီး၏ ခင်ပွန်း အသက်(၄၇)နှစ်၊ သား အသက်(၁၀)နှစ်၊ သမီး အသက်(၈)နှစ်၊ တူမ အသက်(၁၈) နှစ် တို့ကို မတ်လ ၃၁ရက်ညပိုင်းက နှာခေါင်းတို့ဖတ်ယူစစ်ဆေးရာ ဧပြီ ၂ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရကြောင်းတွေ့ရှိရသည်။

ဗိုင်းရပ်စ်ကူးစက်ခံရသည့် မိသားစုဝင် ၄ဦးလုံးသည် ပေါက်ခေါင်းမြို့နယ်ပြည်သူ့ဆေးရုံမှတစ်ဆင့် လက်ရှိတွင် ပြည်ခရိုင်ပြည်သူ့ဆေးရုံတွင် ဆေးကုသခံယူလျှက်ရှိသည်။

ပေါက်ခေါင်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်နေအိမ်တွင် ကျန်ရှိခဲ့သော ဒုမြို့နယ်အုပ်ချုပ်ရေးမှူးမိသားစု မွေးထားသည့် ခွေးလေးဂျက်ကီကို ရှင်းလင်းပစ်မည်ဖြစ်ကြောင်း ဦးထွန်းထွန်းဦးက ဧပြီ ၃ရက်က မီဒီယာများကိုပြော ကြားထားသည်။

ဧပြီ ၃ရက်တွင် ပြည်မြို့၊ အနန္တမေတ္တာ ပိုင်ရှင်မဲ့လေလွင့် ခွေးများကယ်ဆယ်စောင့်ရှောက်ရေးဂေဟာမှ ကိုအောင်ကျော်မိုးက လဝက၀န်ကြီး ဦးထွန်းထွန်းဦးထံ ဖုန်းဖြင့်ဆက်သွယ်ပြီး သီးခြားထိန်းသိမ်းစောင့်ရှောက်မည့် အကြောင်းပြော၍ အကူညီတောင်းခဲ့ကြောင်းပြောသည်။

လက်ရှိတွင် ပြည်မြို့ရိုးမတောထဲရှိ ခြံတစ်ခြံတွင် ခွေးလေးဂျက်ကီနှင့် အတူနေထိုင်ပြီးစောင့်ရှောက်လျှက်ရှိကြောင်း ကိုအောင်ကျော်မိုး ကဆိုသည်။

အိမ်မွေးတိရစ္ဆာန်များတွင် ကိုရိုနာဗိုင်းရပ်စ်သည် နဂိုကတည်းက ရှိပြီးဖြစ်ခြင်းကြောင့် ခွေးပိုင်ရှင်များသည် ကာကွယ်ဆေးများထိုးပေးထားခြင်းရှိကြောင်းသိရသည်။

အလားတူပင် ကာကွယ်ဆေးဖြစ်သည့် 5 in 1, 6 in 1 ကာကွယ်ဆေးများကိုလည်း ဂျက်ကီတွင် ထိုးထားပြီးဖြစ်ကြောင်းသိရသည်။

“သူ့ကိုကိုယ်တွယ်ပြီးတိုင်းလက်ဆေးတယ်။ အဲဒါတော့ အဓိကထားလုပ်တယ်။ ရောဂါ ကူးနိုင်တယ်။ မကူးနိုင်ဘူးဆိုပြီးတော့ ကိုယ်ကိုယ်ကို ယုံကြည်ချက်တော့မရှိဘူး။ ဒါပေမယ့် ကျွန်တော်နဲ့သူနဲ့ ယုံကြည်ချက်တစ်ခုကို ဆုပ်ကိုင်ပြီးတော့လုပ်တယ်။ ရှိမယ်၊မရှိမယ်ကတော့ ၁၄ရက်စောင့်ကြည့်မှပဲ အဖြေကသိမယ်။” ဟု ဦးအောင်ကျော်မိုးက ဆိုသည်။

ဂျက်ကီကို ၁၄ရက်စောင့်ကြည့်သည့်မှတ်တမ်းအား သက်ဆိုင်ရာကို တင်ပြရမည်ဖြစ်၍ နေ့စဉ်မှတ်တမ်းရေးခြင်းပြုလုပ်ခြင်းနှင့် ပိုင်ရှင်မိသားစုနှင့် ဂျက်ကီအား Video Call ခေါ်၍ ဖုန်းပြောဆိုစေခြင်းများပြုလုပ်ကြောင်းသိရသည်။

“အဓိကက ကိုယ်အပူချိန်တိုင်းတယ်၊ နှာစေးလား၊ ချောင်းဆိုးလား၊ မှတ်တမ်းယူတယ်။ မှတ်တမ်းလုပ်ထားတယ်။ ရေချိုးတာပဲဖြစ်ဖြစ်၊ ၁၄ရက်ပြည့်ရင် ဒါတွေက ပြရတော့မှာဆိုတော့။ လူနဲ့ တိရစ္ဆာန်ခြားနားချက်သိရအောင် အဓိကက အဲဒါကို လုပ်တာ။” ဟု ကိုအောင်ကျော်မိုးကပြောသည်။

၁၄ရက်စောင့်ကြည့်ချိန်အတွင် ဂျက်ကီ၏ နှာခေါင်းတို့ဖတ်နမူနာနှင့် သားရည် ဓာတ်ခွဲအဖြေပြုလုပ်ကာစစ်ဆေးမည်ဖြစ်သည်။

ကိုအောင်ကျော်မိုးကိုမူ ဂျက်ကီနှင့်အတူ ၁၄ရက် စောင့်ကြည့်ခြင်းအပြင် နောက်ထပ် ၁၄ရက်၊ စုစုပေါင်း ၂၈ရက်စောင့်ကြည့်ခံရမည်ဖြစ်သည်။

ပိုင်ရှင်များသက်သာ၍ ဆေးရုံက ဆင်းလာပါက ဂျက်ကီကို ပြန်လည်အပ်နှံမည်ဖြစ်ပြီး တိရစ္ဆာန်ကိုလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည်ဟု တွေ့ရှိပါက သတ်ပစ်ခြင်းထက် ဆေးကုသပေးခြင်းကို လိုလားကြောင်း သူက ဆိုသည်။

အိမ်မွေတိရစ္ဆာန်များမှ တစ်ဆင့်လူကို ကိုရိုနာဗိုင်းရပ်စ်မကူးစက်နိုင်ကြောင်း WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ပြီးခဲ့တဲ့လအတွင်ကထုတ်ပြန်ထားသည်။

သို့သော်လည်း အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့၊ တိရစှ္ဆာန်ရုံတစ်ခုက ကျားတစ်ကောင်သည် ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်နေကြောင်း စစ်ဆေးတွေ့ရှိရသည်ဟု ဧပြီ ၆ရက် မနက်ပိုင်းက CNN သတင်းဌာနတွင် ဖော်ပြ ထားသည်။

တိစ္ဆာန်ရုံက ကျားနှင့် ခြင်္သေ့ ခြောက်ကောင်သည် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာ များ ပြသလာသည့်အတွက် စမ်းသပ်မှုပြုလုပ်ရာမှ တွေ့ရှိလာခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်သည် ကျားများကို ကူးစက်နိုင်ကြောင်း ပထမဆုံးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး မည်သည့် တိရစှ္ဆာန်များကို ကူးစက်နိုင်သလဲဆိုတာ တိတိကျကျ ဆုံးဖြတ်နိုင်ရန် လေ့လာမှုများပြုလုပ်ရမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

လက်ရှိမှာတော့ မြန်မာပြည်ကခွေးလေးဂျက်ကီကို ရိုးမတောထဲမှာ နှစ်ပတ်ခန့်စောင့်ကြည့်နေပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly